အင်တာမီလန်အသင်းကတော့ မနှစ်ကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကို အသင်းကနေ ပြန်လည်ရှင်းထုတ်သွားချင်နေပြီး လတ်တလောမှာတော့ သူ့ကိုလည်း ရှင်းထုတ်ချင်သလို ကွင်းလယ်ကစားသမားတစ်ယောက်ကိုလည်း အသင်းဆီ ပြန်လည်ခေါ်ယူဖို့ လိုအပ်နေတာကြောင့် အဲရစ်ဆင်ကို သူတို့အလိုရှိနေတဲ့ ကစားသမားတစ်ယောက်ယောက်နဲ့ တိုက်ရိုက်လဲလှယ်သွားတာမျိုးတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းလောက်က အင်တာမီလန်အသင်းဟာ သူတို့ရဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို အာဆင်နယ်အသင်းရဲ့ ဆွတ်ဇာလန်ကွင်းလယ်ကစားသမား ချာကာနဲ့ တိုက်ရိုက်လဲလှယ်သွားချင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကို အာဆင်နယ်ဘက်ကန ပယ်ချသွားခဲ့ပြီး သူတို့ရဲ့ ကွင်းလယ်ကစားသမား ချာကာက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လို့နေပြီး ချာကာကလည်း နည်းပြအာတီတာလက်အောက်မှာ ပုံမှန်ခြေစွမ်းပြနေနိုင်သူဖြစ်လို့ အာဆင်နယ်ဘက်က သူ့ကို လက်လွတ်ဖို့ အစီအစဉ်မရှိပဲ ဖြစ်လို့နေပါတယ်။

Photo Credit : Goal

ဒါကြောင့် အင်တာဘက်ကနေ အဲရစ်ဆင်နဲ့ လဲလှယ်နိုင်ဖို့အတွက် နောက်ထပ်ကစားသမားတစ်ယောက်ကို ထပ်မံရှာဖွေလျက်ရှိနေပြီး လတ်တလောမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးကွင်းလယ်ကစားသမား ဖရက်ဒ်နဲ့ တိုက်ရိုက်လဲလှယ်သွားချင်နေတယ်လို့ သိရပါတယ်။ ဒီလဲလှယ်မှုကလည်း ဖြစ်လာနိုင်စရာမရှိပဲ ယူနိုက်တက်နည်းပြဆိုးလ်ရှားလက်အောက်မှာ ဖရက်ဒ်က ပုံစံကောင်းတွေ ပြသလို့နေပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်လာနိုင်ခဲ့လို့ အဲရစ်ဆင်နဲ့ လဲလှယ်မယ့် ကမ်းလှမ်ချက်ကို လုံးဝပယ်ချဖွယ် ရှိနေပါတယ်။ နောက်ပြီး အဲရစ်ဆင်က No.10 Role မှာ ပါဝင်ကစားတတ်တဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ယူနိုက်တက်မှာ ဒီနေရာအတွက် ဘရူနိုဖာနန်ဒက်ဇ်နဲ့ ဒွန်နီဗန်ဒယ်ဘိခ်တို့ ရှိနေသလို အသင်းမှာ နေရာပျောက်နေတဲ့ ဂျက်ဆီလင်ဂတ်ကလည်း ဒီနေရာမှာ ကစားတတ်သူဖြစ်လို့ အဲရစ်ဆင်ကို ခေါ်ယူဖို့ဆိုတာ ဖြစ်လာနိုင်စရာ မရှိလောက်ပါဘူး။ အင်တာအသင်းအနေနဲ့ကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီ ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အဲရစ်ဆင်ကို စပါးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၁၇)သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲရစ်ဆင်က အီတလီမှာ အထိုင်ကျဖို့ ရုန်းကန်နေရသလို အင်တာနည်းပြ အန်တိုနီယိုကွန်တီကလည်း အဲရစ်ဆင်ရဲ့ခြေစွမ်းပိုင်းအပေါ် နှစ်သက်မှုမရှိလို့ လာမယ့်ဆောင်းစျေးကွက်မှာပဲ လမ်းခွဲကြဖွယ် ရှိနေပါတယ်။