MySport Myanmar

ပေါ်တိုကြယ်ပွင့် တာရဲမီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ လှုပ်ရှားနေတဲ့ အင်တာ

အီတလီ စီးရီးအေ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်က လာမယ့်ရာသီ အတွက် ကြိုတင် ပြင်ဆင်မှု တရပ် အဖြစ် ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုရဲ့ အဓိက တိုက်စစ်မှူး တာရဲမီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် လှုပ်ရှားနေကြောင်း သိရပါတယ်။

အင်တာမီလန်က တိုက်စစ်ပိုင်းမှာ လော်တူရို မာတီနက်ဇ် ၊ မားကပ် သူရမ် ၊ အာနူတိုဗစ် ၊ အလက်ဆစ် ဆန်းချက်ဇ် စတဲ့ တိုက်စစ်မှူး ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် အာနူတိုဗစ်နဲ့ ဆန်းချက်ဇ်တို့က အသက်အရွယ်အရ အကျပိုင်းကို ရောက်နေတာကြောင့် သူတို့ရဲ့ နေရာကို အစားဝင်မယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေတာပါ။

Photo Credit: Semper Milan

တဖက်မှာတော့ အသက် ၃၁နှစ် အရွယ် အီရန်လက်ရွေးစင် တိုက်စစ်မှူး တာရဲမီက ပေါ်တိုရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ပြီး တာရဲမီဟာ ပေါ်တိုအတွက် ၃နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၁၆၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၈၃ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

တာရဲမီက ပေါ်တိုရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ ပေါ်တိုရဲ့ ကြားထဲမှာ စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးပဲ တာရဲမီရဲ့ စာချုပ်ကတော့ ယခုနှစ် ဘောလုံးရာသီ ကုန်ချိန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Semper Inter Milan

ဘောလုံးလောကရဲ့ အပြောင်းအရွှေ့ စည်းမျဉ်းတွေအရ ကလပ်အသင်း တသင်းနဲ့ စာချုပ်ရှိတဲ့ ကစားသမား တဦးဟာ သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆လ အတွင်းကို ရောက်ခဲ့ရင် ကြိုက်နှစ်သက်ရာ အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့ ဆွေးနွေးနိုင်တာကြောင့် ပေါ်တိုကသာ လာမယ့် ဇန်နဝါရီလမတိုင်မီ တာရဲမီနဲ့ စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးရင် တာရဲမီဟာ ဇန်နဝါရီလမှာ သူ နှစ်သက်တဲ့ အသင်းနဲ့ အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် တဦး ဖြစ်သူ ရှခီရာရဲ့ ဖော်ပြချက်အရ အင်တာမီလန်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် တာရဲမီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အလွန်အမင်း စိတ်ဝင်စားနေပြီး တာရဲမီကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိမယ့် ၄နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ပါ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

Exit mobile version