MySport Myanmar

ကူလီဘလီကို အငှားနဲ့ ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးနေတဲ့ အင်တာမီလန်

ပူပူနွေးနွေး ချန်ပီယံလိဂ် ငွေတံဆိပ်ဆုရှင် အင်တာမီလန်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ သူတို့အသင်း ကနေ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မယ့် အဓိက ဗဟိုနောက်ခံလူ ရှကရီညာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ချယ်လ်ဆီးနောက်ခံလူ ကူလီဘလီကို ခေါ်ယူရန် ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အင်တာမီလန်က ယခုနှစ် ဘောလုံးရာသီမှာ ကိုပါအီတာလီယာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့တာကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းအတွက် ထိပ်တန်း ကစားသမားတွေ ခေါ်ယူပေးဖို့ ပြင်ဆင်နေပြီး အင်တာမီလန်ရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ ခံစစ်ပိုင်းကို အားဖြည့်ဖို့ပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အင်တာမီလန်က အားကိုးရတဲ့ ဗဟိုခံစစ်မှူး ရှကရီညာကို ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာ ဖြစ်တာကြောင့် ရှကရီညာရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦးကို ခပ်မြန်မြန် ခေါ်ယူဖို့ဟာ သူတို့အသင်းရဲ့ ရည်မှန်းချက်တွေထဲက တခု ဖြစ်ပြီး အင်တာမီလန်နည်းပြ အင်ဇာဂီကလည်း အရည်အသွေး ပြည့်ဝတဲ့ ခံစစ်မှူး တဦးကို လိုချင်ကြောင်း ဘုတ်အဖွဲ့ထံ အသိပေးထားပါတယ်။

ဒါကြောင့်ပဲ အင်တာမီလန်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက သူတို့အသင်းနဲ့ ဆက်ဆံရေးကောင်းတွေ ရှိတဲ့ ချယ်လ်ဆီးရဲ့ ဗဟိုနောက်ခံလူ ကူလီဘလီကို တရာသီအငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး အင်တာမီလန်က ကူလီဘလီ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေပါ ပြုလုပ်နေပါပြီ။

Photo Credit: Football Italia

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်က လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ကူလီဘလီကို အငှားနဲ့ ခေါ်ယူမယ့် ကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက နည်းပြသစ် ပိုချက်တီနိုနဲ့ ဆွေးနွေးပြီးမှသာ ကူလီဘလီရဲ့ ကိစ္စကို အကြောင်းပြန်မယ်လို့ အသိပေးခဲ့ကြောင်း သိရပါတယ်။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဗဟိုနောက်ခံလူ ကူလီဘလီက ယခုနှစ် ဘောလုံးရာသီ အစကမှ နာပိုလီ ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Exit mobile version