အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန်အသင်း ကတော့ နောက်ပိုင်းနှစ်တွေမှာ သူတို့အသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို မကြာခဏ ဆိုသလို ပြုလုပ်လေ့ ရှိတဲ့ မန်ယူအသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ အဲရစ်ဘိုင်လီကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းနေကြောင်း နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။ အသက် ၂၆နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် ဘိုင်လီဟာ ၂၀၁၆ ခုနှစ်မှာ စပိန်လာလီဂါကလပ် ဗီလာရီးရဲလ်အသင်း ကနေ မန်ယူအသင်းထံ ပြောင်းရွှေ့ခဲ့သူ တစ်ဦး ဖြစ်ပြီး အသင်းထံ ရောက်ရှိကာစမှာ ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပေမယ့် ဆိုးရွားတဲ့ ဒူးဒဏ်ရာကို ရရှိခဲ့တာဟာ သူ့ရဲ့ ကစားသမားဘဝကို ပြောင်းလဲစေခဲ့ပါတယ်။

Photo Credit: Metro

ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ရရှိပြီးနောက်ပိုင်းမှာ ဘိုင်လီဟာ ပုံမှန် ခြေစွမ်းကောင်း တစ်ခုကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိလာရင်လည်း ဒူးဒဏ်ရာကြောင့် ပြန်လည် အနားယူရတာတွေကြောင့် သူ့ရဲ့ မန်ယူအသင်း ကစားသမား ဘဝဟာ စောစောစီးစီး အဆုံးသတ်ဖို့ နီးစပ်နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘိုင်လီဟာ မန်ယူအသင်းရဲ့ တတိယ ဦးစားပေး ဗဟိုခံစစ်မှူး အဖြစ်သာ သတ်မှတ် ခံထားရပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၂၂၂ မိနစ်သာ ကစားခွင့် ရရှိထားပါတယ်။ ဒါ့ကြောင့်ပဲ ဘိုင်လီဟာ ပုံမှန်နေရာရမယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေတာဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ မန်ယူအသင်းထံကနေ လူကာကူ ၊ ဆန်းချက် ၊ ယန်း စတဲ့ ကစားသမားတွေကို ခေါ်ယူထားတဲ့ အင်တာမီလန်အသင်းဟာ ဘိုင်လီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး မန်ယူအသင်းကလည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်လီကို ရောင်းချဖို့အတွက် စဉ်းစားနေကြောင်း သိရပါတယ်။ အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာန အများစုကလည်း မန်ယူအသင်းဟာ ဘိုင်လီအတွက် တန်ကြေးကို ယူရို ၂၀သန်း အထိ သတ်မှတ်ထားပြီး အင်တာမီလန်အသင်းဟာ မန်ယူအသင်းရဲ့ တောင်းဆိုမှုကို သဘောတူ လက်ခံဖွယ် ရှိကြောင်း ယနေ့မနက်ပိုင်းမှာ ဖော်ပြခဲ့ကြပါတယ်။