၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ လက်ကျန်ဘောလုံးပြိုင်ပွဲကြီးနှစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကတော့ ဖိုင်နယ်အဆင့်ထိ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီနေ့ည (၁)နာရီခွဲအချိန်မှာတော့ အင်တာမီလန်အသင်းနဲ့ ဆီဗီလာအသင်းတို့က ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာရှိတဲ့ RheinEnergie Stadion ဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်လို့ ဒီပွဲစဉ်နဲ့ပတ်သက်တဲ့ အကြောင်းအချက်တွေကို တင်ဆက်ပေးသွားချင်ပါတယ်။

အင်တာမီလန်

နောက်ဆုံး(၅)ပွဲရလဒ် – (၅)ပွဲနိုင်
ပါဝင်ဖွယ်မရှိတဲ့ ကစားသမားများ – ဗီစီနို(ဒူးဒဏ်ရာ)
စောင့်ကြည့်ရမယ့် ကစားသမား – လူကာကူ
ဖြစ်နိုင်လာဖွယ်ရှိတဲ့ ကစားကွက် – ၃-၅-၂
ဂိုး – ဟန်ဒါနိုဗစ်
နောက်တန်း – ဘက်စတိုနီ ဒီဗရိုင်း ဂိုဒင်
အလယ် – အမ်ဘရိုစီယို ဘာရယ်လာ ဘရိုဇိုဗစ် ဂတ်ဘီယာဒီနီ အက်ရှ်လေယန်း
ရှေ့တန်း – မာတီနက်ဇ် လူကာကူ

ချန်ပီယံလိဂ်ကနေ ပြုတ်လာခဲ့တဲ့ အင်တာမီလန်အသင်းကတော့ ယူရိုပါလိဂ်မှာ (၃၂)သင်းအဆင့်ကနေ တောက်လျှောက်ကစားလာခြဲ့့ပီး (၅)ပွဲကျော်ဖြတ်လာခဲ့ရာမှာ ပေးဂိုး(၂)ပဲရှိခဲ့ပြီး သွင်းဂိုးကတော့ (၁၃)ဂိုးအထိတောင် ရယူထားနိုင်ခဲ့ပါတယ်။ ရှက်တာဒိုးနက်အသင်းကို (၅)ဂိုးပြတ် သွင်းယူခဲ့တဲ့ပွဲကလွဲပြီး ကျန်တဲ့ပွဲစဉ်တွေမှာ တစ်ပွဲကို (၂)ဂိုးစီ ပုံမှန်သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အင်တာက တိုက်စစ်အရမ်းအားကောင်းလွန်းနေသလို ခံစစ်ကလည်း ထက်မြက်နေပြီး နည်းပြကွန်တီရဲ့လက်အောက် ဒီရာသီရဲ့တစ်လုံးတည်းသောဖလားကို အရယူဖို့ အခြေအနေကောင်းလို့နေပါတယ်။

ဆီဗီလာ

နောက်ဆုံး(၅)ပွဲရလဒ် – (၄)ပွဲနိုင် (၁)ပွဲသရေ
ပါဝင်ဖွယ်မရှိတဲ့ ကစားသမားများ – ကော်ရှာ(ဒူးဒဏ်ရာ)
စောင့်ကြည့်ရမယ့် ကစားသမား – အိုကမ်ပို့စ်
ဖြစ်နိုင်လာဖွယ်ရှိတဲ့ ကစားကွက် – ၄-၃-၃
ဂိုး – ဘိုနို
နောက်တန်း – နာဗက်စ် ကွန်ဒယ် ဒီယေဂိုကားလို့စ် ရယ်ဂီလွန်
အလယ် – ဘာနီဂါ ဖာနန်ဒို ဂျော်ဒန်
ရှေ့တန်း – ဆူအို အန်နက်ဆီရီ အိုကမ်ပို့စ်

ဆီဗီလာကတော့ ယူရိုပါလိဂ်အုပ်စုအဆင့်ကနေစတင်ပြီး (၃၂)သင်းအဆင့်လောက်ထိ ပုံမှန်ခြေစွမ်းသာ ပြသခဲ့ပြီး ကိုဗစ်အလွန် ဘောလုံးပွဲတွေ ပြန်လည်စတင်ကစားတဲ့နောက်ပိုင်းမှာ ခြေစွမ်းကောင်းတွေကို တောက်လျှောက်ပြသလာခဲ့သလို (၁၆)သင်းအဆင့်ကနေစပြီး ရိုးမား ဝုလ်ဗ် မန်ချက်စတာယူနိုက်တက်အသင်းတို့လို ခက်ခဲလှတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာလည်း (၅)ကြိမ်ထိ ဗိုလ်စွဲထားနိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဘုရင် ဆီဗီလာအသင်းဟာ ကွင်းလယ်လုပ်အားကောင်းပေမယ့် တိုက်စစ်ကတော့ ပြိုင်ဘက်အင်တာနဲ့ယှဉ်မယ်ဆို အားနည်းလွန်းနေပြီး အန်နက်ဆီရီ ဆူဆို အိုကမ်ပို့စ်တို့ရဲ့တိုက်စစ်အတွဲအဖက်က ယူရိုပါလိဂ်မှသာ ပေါင်းစပ်ထားရတဲ့ တိုက်စစ်အစုအဖွဲ့ဖြစ်လို့ ပုံစံကောင်းကို အမြဲပြသဖို့ ခက်ခဲလှပါတယ်။

ယူရိုပါလိဂ်ဘုရင်လို့ တင်စားခေါ်ဆိုရမယ့် ဆီဗီလာက ယူရိုပါလိဂ်ဗိုလ်လုပွဲဆီကို အခုတစ်ခေါက်နဲ့ဆို (၆)ကြိမ်ထိ တတ်ရောက်နိုင်ခဲ့ဖြစ်ပြီး ယခင်(၅)ကြိမ်လုံးကိုတော့ ဗိုလ်စွဲအောင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားပိုင်း နည်းပြပိုင်းနဲ့ လက်ရှိအနေအထားပိုင်းအရဆိုရင်တော့ ဆီဗီလာထက် အင်တာမီလန်က အားသာနေတယ်ဆိုတာ အသိအသာပါပဲ။ ကွန်တီလက်ထက် အသင်းကို အပြောင်းအလဲကြီးမား လုပ်ဆောင်ထားတဲ့ အင်တာအသင်း ဒီဖလားကို မဖြစ်မနေကို လိုချင်မှာပဲ။ အင်တာနည်းပြကွန်တီရဲ့အနာဂတ်ကလည်း ဒီဖလားပေါ်မှာ မူတည်နေလို့ ယူရိုပါလိဂ်ဘုရင်တို့ ဒီတစ်ခေါက် ဖိုင်နယ်မှာ ဒုတိယဆုနဲ့ပဲ နှစ်သိမ့်ရနိုင်ပါတယ်။