အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က သူတို့အသင်းရဲ့ အဓိက ဂိုးသမား အိုနာနာကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းချပြီးပါက အိုနာနာကို ရောင်းလို့ ရလာတဲ့ ပိုက်ဆံနဲ့ ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူကို ပြန်ခေါ်ဖို့ စီစဉ်ထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အင်တာမီလန်က ယခု နွေဈေးကွက် အတွင်းမှာ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး မားကပ် သူရမ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ပေမယ့် အင်တာမီလန်နည်းပြ အင်ဇာဂီက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမီလု လူကာကူကို ထပ်မံ ခေါ်ယူချင်နေပါသေးတယ်။

Photo Credit: Sky Sports

အသက် ၃၀ အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ၂၀၁၉ ကနေ ၂၀၂၁ အထိ အင်တာမီလန်ရဲ့ ကစားသမား အဖြစ် အသုံးတော်ခံခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ချယ်လ်ဆီးကနေ အင်တာမီလန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ ကစားခဲ့သူပါ။

လူကာကူက အင်တာမီလန် ကစားသမား ဘဝမှာ ပြိုင်ပွဲစုံ ၁၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇၈ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၃ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အင်တာမီလန်နည်းပြ အင်ဇာဂီက လူကာကူကို အပြီးသတ် ခေါ်ယူပေးဖို့ အင်တာမီလန် ဘုတ်အဖွဲ့ဆီ တောင်းဆိုထားပါတယ်။

အင်တာမီလန်က ကနဦးမှာ လူကာကူကို ချယ်လ်ဆီးကနေ တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ချယ်လ်ဆီးက အင်တာမီလန်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အပြီးသတ် ခေါ်ယူခွင့် အစား မဖြစ်မနေ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ ကတိစကားမျိုး ရမှသာ လူကာကူကို လက်လွှတ်မယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ အင်တာမီလန်နဲ့ ချယ်လ်ဆီးတို့က လူကာကူ အတွက် တရားဝင် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ပြီး အင်တာမီလန်ရဲ့ ဒါရိုက်တာ တဦး ဖြစ်သူ အူစီလီယိုက သူတို့ဟာ လူကာကူကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားနေကြောင်း အတည်ပြုသွားပါတယ်။ အူစီလီယိုက – “လူကာကူက ကျွန်တော်တို့ဟာ သူ့ကို အင်တာမီလန်ဆီ ပြန်ခေါ်ချင်နေတဲ့ အကြောင်းကို သိထားပါတယ်။ ကျွန်တော်တို့က ချယ်လ်ဆီးနဲ့ လူကာကူရဲ့ အနာဂတ်အတွက် တိကျတဲ့ အဖြေတခု ရဖို့ ကြိုးစားနေပါတယ်။ သူက ချယ်လ်ဆီးရဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ကျွန်တော်တို့က သူ့အတွက် ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။ ချယ်လ်ဆီးကတော့ သူတို့က လူကာကူကို အငှား ထပ်မချတော့ဘူးလို့ ပြောထားပါတယ်။ ကျွန်တော်တို့က လူကာကူကို အပြီးသတ် ခေါ်ယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ကျွန်တော်တို့တွေ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ လူကာကူရဲ့ အနာဂတ်ကို တိတိကျကျ သိရပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အင်တာမီလန်က လူကာကူကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဘတ်ဂျက် မရှိတာကြောင့် နံပါတ်တစ် ဂိုးသမား အိုနာနာကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းချကာ ငွေကြေး ရှာဖွေပြီးမှ လူကာကူ အတွက် တရားဝင် ကမ်းလှမ်းမှု လုပ်ဆောင်နိုင်မယ်လို့ အင်တာမီလန်ရဲ့ အမည်မဖော်လိုတဲ့ ဝန်ထမ်း တဦးက ဆိုပါတယ်။