အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်ရဲ့ စီအီးအိုဖြစ်သူ မာရော့တာ ကတော့ သူတို့အသင်းဟာ ဂျူဗင်တပ်ကနေ ထွက်ခွာတော့မယ့် အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာဟာ လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင် တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး သူနဲ့ ဂျူဗင်တပ်တို့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Tribun Kaltara

ကနဦးမှာတော့ ဒိုင်ဘာလာက ဂျူဗင်တပ်မှာသာ ဆက်နေဖို့ စီစဉ်ခဲ့ပေမယ့် ဂျူဗင်တပ်ဘက်က သူတို့ ကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ပြန်လည် ရုတ်သိမ်းသွားခဲ့တာကြောင့် ဒိုင်ဘာလာ တယောက် ဂျူဗင်တပ် ကနေ ထွက်ခွာရဖို့ အကြောင်းဖန်လာခဲ့တာပါ။

လက်ရှိမှာတော့ ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ် ၊ စပါး ၊ အင်တာမီလန် ၊ အက်သလက်တီကို မက်ဒရစ် စတဲ့ အသင်းတွေက ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အဆိုပါ အသင်းတွေ အနက် အင်တာမီလန်က ဒိုင်ဘာလာကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေက ဒိုင်ဘာလာရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဒိုင်ဘာလာကလည်း ရေခြားမြေခြားဆီ ပြောင်းရွှေ့ကာ ဘောလုံးကစားဖို့ထက် အီတလီ စီးရီးအေမှာသာ ဆက်လက် ကျင်လည်ချင်တာကြောင့် အင်တာမီလန်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Tribun Kaltara

အင်တာမီလန်ရဲ့ စီးအီးအိုဖြစ်သူ မာရော့တာကလည်း သူတို့အသင်းဟာ ဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းကို နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportsနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

မာရော့တာက – “ပေါ်လို ဒိုင်ဘာလာက ထိပ်သီး ကစားသမား တယောက် ဖြစ်သလို အခုချိန်မှာဆိုရင် သူက အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမား တဦးပါ။ ကျွန်တော်တို့ အသင်းမှာ တိုက်စစ်မှူးတွေ အများကြီး ရှိကြပေမယ့် ကျွန်တော်က သူ့ရဲ့ အရည်အသွေးကို သဘောကျပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။