အက်စတွန်ဗီလာ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ တောင်ပံကစားသမားဟောင်း အက်ရှ်လေယန်းကတော့ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပွဲစဉ်(၇)ပွဲလောက် ပါဝင်ကစားခဲ့အပြီးမှာ အသင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ကစားပြနိုင်ခဲ့တာကြောင့် အခုဆိုရင် အင်တာနည်းပြ အန်တိုနီယိုကွန်တီက ဒီဝါရင့်အင်္ဂလန်ကစားသမားကြီးကို လာမယ့်ဘောလုံးရာသီကုန်ချိန်အထိ အသင်းမှာ ဆက်လက်ရှိနေဖို့ တစ်နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

Photo Credit : Sempreinter

အသက်(၃၄)နှစ်အရွှယ်ရှိပြီး အင်္ဂလန်လက်ရွေးစင်ဟောင်း ဝါရင့်ကစားသမားကြီး အက်ရှ်လေယန်းဟာ (၉)နှစ်တာ ကျင်လည်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီကို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ပြောင်းရွှေ့ကြေး ယူရို(၁.၅)သန်း (၆)လစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ စီးရီးအေ(၅)ပွဲ အပါအဝင် ပြိုင်ပွဲစုံ(၇)ပွဲ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ဒီလို အသင်းနဲ့ အချိန်တိုလေးအတွင်း အံ့ဝင်ခဲ့တဲ့ ယန်းကို အင်တာအသင်းဘက်ကနေ တစ်နှစ်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ်ကို ဒီရက်ပိုင်းလေးအတွင်းမှာပဲ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။

Photo Credit : Bleacher Report

ဝက်ဖိုဒ့်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်လို့ အက်ရှ်လေယန်းဟာ ဝက်ဖိုဒ့်စီနီယာအသင်းမှာ (၄)နှစ်တာလောက် ပါဝင်ကစားခဲ့ရင်းနဲ့ ၂၀၀၇ခုနှစ်မှာ အက်စတွန်ဗီလာအသင်းဆီကို ရောက်ရှိလာခဲ့ပြီး ဗီလာမှာလည်း (၄)နှစ် ပါဝင်ကစားခဲ့ကာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ချပြနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၁ခုနှစ်မှာ ယန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပေါင်(၁၇)သန်းနဲ့ ပြောင်းရွှေ့ကစားခွင့်ရခဲ့ပြီး ယူနိုက်က်မှာတော့ (၉)နှစ်တာအထိ ကျင်လည်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား ယူရိုပါလိဂ်ဖလား အက်အေဖလားနဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသင်းရဲ့အမာခံကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာတော့ အသက်အရွှယ်ကြောင့် ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့်ပါ ကစားခွင့်တွေနည်းလာခဲ့လို့ အင်တာအသင်းဆီကို ပြောင်းရွှေ့ခဲဲ့ရတာဖြစ်ပါတယ်။