လူကာကူ ဆန်းချက်ဇ်နဲ့ အက်ရှ်လေယန်းတို့လို မန်ချက်စတာယူနိုက်တက်အသင်းသားတွေကို အီတလီစီးရီးအေပြိုင်ပွဲဆီ အရခေါ်ယူထားခဲ့တဲ့ အင်တာမီလန်အသင်းကတော့ လက်ရှိမှာလည်း နောက်ထပ်ယူနိုက်တက်ကစားသမားတစ်ယောက်ကို ထပ်မံခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေပြီး ဒီကစားသမားကတော့ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးနေတဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ဖြစ်ကာ အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်ဟာ မကြာသေးခင်ကမှ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီအတွင်းမှာတော့ အသင်းအတွက် စုစုပေါင်း ပွဲပေါင်း(၃)ပွဲသာ ပါဝင်ကစားထားရသေးသလို သူကိုယ်တိုင်ကလည်း ပွဲတွေပြန်လည်ကစားချင်နေတဲ့အတွက် အသင်းကနေ အငှားနဲ့ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။ လင်ဂတ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေ အငှားနဲ့ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြသလို လတ်တလောမှာလည်း အင်တာမီလန်အသင်းကပါ လင်ဂတ်ကို သူတို့အသင်းဆီ ခေါ်ဆောင်ချင်နေတယ်လို့ The Mirror သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အင်တာမီလန်အသင်းဟာ အခုဆောင်းရာသီစျေးကွက်အတွင်းမှာ အသင်းရဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကို အသင်းကနေ ရောင်းချသွားတော့မှာဖြစ်လို့ အဲရစ်ဆင်ရဲ့နေရာမှာ ပြန်လည်အစားထိုးနိုင်ဖို့အတွက် ကွင်းလယ်လူတစ်ယောက်ကို အလိုရှိနေခဲ့ရာ လက်ရှိမှာတော့ လင်ဂတ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းဟာ ယခင်ကတည်းက ယူနိုက်တက်ကစားသမားတွေကို တစ်ပုံတစ်ပင်ကြီး ခေါ်ယူထားခဲ့တာဖြစ်သလို အခုလည်း လင်ဂတ်ကိုပါ စိတ်ဝင်စားနေတာကြောင့် ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာပဲ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်လာနိုင်ပါတယ်။ ယူနိုက်တက် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဂျက်ဆီလင်ဂတ်ကတော့ ဒီရာသီအတွင်း ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို တစ်ပွဲမှ ပါဝင်ကစားထားရခြင်းမရှိပဲ တခြားသော ပြည်တွင်းဖလားပွဲတွေမှသာ ပါဝင်ခဲ့ရပြီး မနေ့ညက ဝက်ဖိုဒ့်နဲ့ ကစားခဲ့ရတဲ့ အက်အေဖလားပွဲမှာလည်း ပါဝင်ခဲ့ရပါတယ်။ လင်ဂတ်ဟာ ယခင်ကတည်းက ဘာမင်ဂမ်စီးတီး ဘရိုက်တန် လက်စတာနဲ့ ဒါဘီကောင်တီအသင်းတွေမှာလည်း အငှားနဲ့ သွားရောက်ကစားခဲ့ဖူးသလို ဒီတစ်ကြိမ်မှာလည်း တခြားကလပ်အသင်းတစ်သင်းဆီ အငှားနဲ့ သွားရောက်ရဖို့ အတော်လေး နီးစပ်လို့နေပါတယ်။