အင်တာမီလန်အသင်းရဲ့ ဝါရင့် စီးရီးအေ တိုက်စစ်ကစားသမားကြီး အီဒင်ဂျက်ကိုဟာ ဆာဆူအိုလိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စီးရီးအေပွဲစဉ်အတွင်းမှာ လူစားဝင်လာပြီးနောက် အသင်းအတွက် အရေးပါတဲ့ ချေပသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းကိုလည်း အနိုင်ရလဒ်ထိ ရယူနိုင်အောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုလို အသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့တဲ့ ဂျက်ကိုဟာ စီးရီးအေ ကစားသမားဟောင်းကြီးဖြစ်သူ ရော်နယ်လ်ဒိုနာဇာရီယိုရဲ့ စံချိန်မှတ်တမ်းဟောင်းတစ်ခုကိုပါ လိုက်မီနိုင်ခဲ့ရပါတယ်။

Photo Credit : Sarajevo Times

ဘောလုံးလောကထဲကနေ အနားယူထားပြီဖြစ်တဲ့ ဘရာဇီး ထိပ်တန်းတိုက်စစ်ကစားသမားကြီး ရော်နယ်လ်ဒိုဟာ အင်တာမီလန်အသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းက ၁၉၉၇-၁၉၉၈ ဘောလုံးရာသီအတွင်းမှာ စီးရီးအေအဖွင့်ပွဲစဉ် (၇)ပွဲအတွင်း သွင်းဂိုး(၆)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပြီး စီးရီးအေရဲ့ ရာသီအစမှာ အကောင်းဆုံး သွင်းဂိုးမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီစံချိန်ကို အင်တာမီလန်အသင်းရဲ့ ကစားသမားဖြစ်သူ ဂျက်ကိုက အမီလိုက်နိုင်ခဲ့ပြီး ဒီရာသီရဲ့ စီးရီးအေ အဖွင့်(၇)ပွဲအတွင်းမှာ စီးရီးအေသွင်းဂိုး (၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : N1

အသက်(၃၅)နှစ်အရွှ့ယ်ရှိ ဘော့စနီယား တိုက်စစ်ကစားသမားကြီး ဂျက်ကိုဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့စျေးကွက်ကမှ ရိုးမားအသင်းကနေ အင်တာမီလန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အင်တာတိုက်စစ်မှူးဟောင်း လူကာကူနေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အသင်းအတွက် တကယ့်ကို အားထားရတဲ့ လူကာကူလို တိုက်စစ်ကစားသမားနေရာမှာ ဂျက်ကိုလို အသက်အရွှယ် ကြီးရင့်နေတဲ့ ကစားသမားတစ်ဦးနဲ့ ပြန်လည်အစားထိုးခဲ့တဲ့ အင်တာအသင်းရဲ့ လုပ်ရပ်ကို ပရိသတ်တွေက သဘောကျခြင်း မရှိခဲ့ပေမယ့်လည်း ဂျက်ကိုကတော့ သူရဲ့ အကောင်းဆုံးစွမ်းရည်ကို ပြသနိုင်ခဲ့ပြီး အခုဆိုရင်လည်း အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ရော်နယ်လ်ဒိုကြီးရဲ့ စံချိန်မှတ်တမ်းဟောင်းကိုပါ လိုက်မီသွားနိုင်ခဲ့ပါတယ်။ ဂျက်ကိုဟာ အင်တာအသင်းအတွက် ဂျီနိုအာ ဘိုလော့ဂ်နာ ဖီအိုရင်တီးနား အတ္တလန်တာ ဆာဆူအိုလိုအသင်းတို့နဲ့ ပွဲစဉ်အတွင်းမှာ သွင်းဂိုးတွေ ရယူခဲ့ပြီး ဘိုလော့ဂ်နာနဲ့ ပွဲမှာဆိုရင်လည်း သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ဂျက်ကိုဟာ လာဇီယို တို်က်စစ်ကစားသမား အင်မိုဘီလီနဲ့အတူ သွင်းဂိုး(၆)ဂိုးနဲ့ ဒီရာသီရဲ့ စီးရီးအေသွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်လို့ နေပါတယ်။