အီတလီ စီးရီးအေရဲ့ အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ အင်တာမီလန်အသင်း ဟာ စပိန် လာလီဂါကလပ် ဘာစီလိုနာအသင်းရဲ့ ချီလီ ကွင်းလယ်ခံစစ် ကစားသမား အာတူရို ဗီဒယ်ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာအသင်းနဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရှိ ရပါတယ်။ အင်တာမီလန် အသင်းဟာ ဗီဒယ်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားတာ ကြာပြီ ဖြစ်ပေမယ့် ဗီဒယ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် ဘာစီလိုနာအသင်းနဲ့ ညှိနှိုင်း ဆွေးနွေးနေရာမှာ အနည်းငယ် ကြာမြင့်နေတာ ဖြစ်ပြီး အခုချိန်မှသာ ဗီဒယ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit: Marca

အသက် ၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ချီလီ ကွင်းလယ်ခံစစ် ကစားသမား ဗီဒယ်ဟာ လက်ရှိ အင်တာမီလန်အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီနဲ့ အတူ ဂျူဗင်တပ်အသင်းမှာ လက်တွဲခဲ့ဖူးသူ ဖြစ်ကာ ကွန်တီဟာ သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ ဗီဒယ်ရဲ့ ခြေစွမ်းတွေကို ယုံကြည်နေဆဲ ဖြစ်တယ် လို့ အင်တာမီလန် အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြားထားကြပါတယ်။ တစ်ဖက်မှာလည်း ဗီဒယ်ဟာ ယခုနှစ် နွေစျေးကွက် အတွင်းမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ် ထားသူ ဖြစ်ပြီး တခြား ဥရောပအသင်း တချို့ရဲ့ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် ဆရာဟောင်း ကွန်တီနဲ့ ပြန်လည် လက်တွဲလိုတာကြောင့် အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ ပြောဆိုမှုအရ ဗီဒယ် အတွက် ဘာစီလိုနာအသင်းနဲ့ အင်တာမီလန် အသင်းတို့ရဲ့ ကြားမှာ ဆွေးနွေးမှုတွေ အားလုံး ပြီးပြတ် သွားပြီ ဖြစ်တာကြောင့် ဗီဒယ်ဟာ ယနေ့မှာပဲ ဆေးစစ်မှုတွေ ပြုလုပ်ဖို့ မီလန်မြို့ဆီ ထွက်ခွာလာတော့မယ် လို့ သိရပါတယ်။ ဒါ့အပြင် အင်တာမီလန်အသင်းဟာ ဗီဒယ်အတွက် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁ သန်း ပေးချေရမယ် လို့လည်း Romano က ဆိုပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ အင်တာမီလန် အသင်းဟာ ဗီဒယ်ကို ခေါ်ယူပြီးတာနဲ့ အသင်းကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေတဲ့ ဝါရင့် ဥရုဂွေး ဗဟိုခံစစ်မှူး ဂိုဒင်ကို ကက်ဂလီယာရီ အသင်းထံ ပြောင်းရွှေ့ခွင့် ပြုမယ်လို့ သိထားရပါတယ်။