အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်က အမ်ပိုလီရဲ့ အဓိက ကွင်းလယ်လူ အက်စ်လာနီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စီးရီးအေ ချန်ပီယံဘွဲ့ကို မြို့ခံပြိုင်ဘက် အေစီမီလန်ဆီ လွှဲပြောင်းပေးခဲ့ရတဲ့ အင်တာမီလန်က လာမယ့် ဘောလုံးရာသီမှာ ဆုံးရှုံးခဲ့ရတဲ့ စီးရီးအေ ချန်ပီယံဘွဲ့ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ဆုံးဖြတ်ထားပြီး ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို တတ်နိုင်သလောက် အင်အားဖြည့်တင်းဖို့ ကြိုးစားနေပါတယ်။

Photo Credit: Semper Milan

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အယ်ဘေးနီးယား လက်ရွေးစင် ကွင်းလယ်လူ အက်စ်လာနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အမ်ပိုလီနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး အက်စ်လာနီက အမ်ပိုလီအတွက် ပြိုင်ပွဲစုံ ၃၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အီတလီ စီးရီးအေ နာမည်ကြီးအသင်းတွေက အက်စ်လာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အင်တာမီလန်ကတော့ အက်စ်လာနီကို အခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ကာ လက်ရှိမှာတော့ အင်တာမီလန်က အက်စ်လာနီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

Photo Credit: Semper Milan

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အင်တာမီလန်က အက်စ်လာနီကို ခေါ်ယူဖို့ အမ်ပိုလီနဲ့ရော ၊ ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိသွားခဲ့ပြီး အင်တာမီလန်က အက်စ်လာနီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၄သန်း ပေးချေရဖို့ ရှိနေကြောင်း သိရပါတယ်။

အက်စ်လာနီက လာမယ့် ရက်ပိုင်းအတွင်းမှာပဲ အင်တာမီလန်ရဲ့ အခြေစိုက်မြို့ ဖြစ်တဲ့ မီလန်မြို့ဆီ လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပြီး အင်တာမီလန်က အက်စ်လာနီရဲ့ အပြောင်းအရွှေ့ကို ယခု လကုန်မှာပဲ တရားဝင် ထုတ်ပြန် ကြေညာဖွယ် ရှိကြောင်းလည်း အင်တာမီလန်နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။