ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ပြုပြင်ပြောင်းလဲမှုပေါင်းများစွာ လုပ်ဆောင်ထားခဲ့တဲ့ အင်တာမီလန်အသင်းဟာ ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့သလို လူကာကူ ဆန်းချက်ဇ် အက်ရှ်ယေယန်း အဲရစ်ဆင်တို့လို ပရီးမီးယားလိဂ်ထိပ်သီးကြယ်ပွင့်တွေကို အီတလီစီးရီးအေဆီ ရောက်ရှိလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလိုပြင်ဆင်မှုတွေ များစွာပြုလုပ်ဆောင်ရွှက်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ စီးရီးအေမှာတော့ ချန်ပီယံဆုအတွက် လက်ရှိဂျုဗင်တပ်စ်အသင်းကို အနီးကပ်စိန်ခေါ်လာတဲ့အသင်းအဖြစ် ရပ်တည်လာခဲ့သလို ယခင်တုန်းကလို စီးရီးအေရဲ့ အင်အားကြီးအသင်းတစ်သင်းပုံစံ ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါပေမယ့် အင်တာက ပြန်လည်တည်ဆောက်ဆဲ အခြေအနေသာဖြစ်နေတာမို့ တချို့ပွဲတွေမှာ ရလဒ်တိမ်းစောင်းမှုတွေဖြစ်ခဲ့ကာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရသလို လက်ရှိမှာလည်း သူတို့အသင်းထက် လာဇီယိုကတောင် စီးရီးအေချန်ပီယံဆုအတွက် ဂျုဗင်တပ်စ်ကို ပိုမိုဖိအားပေးထားနိုင်ခဲ့ပါတယ်။ ဒီလို အနည်းလေး အားနည်းနေတဲ့ အနေအထားတွေကြောင့် အင်တာက လာမယ့်ဘောလုံးရာသီမှာလည်း အသင်းကို ပြုပြင်မှုတွေ ထပ်မံလုပ်ဆောင်ဦးမှာဖြစ်သလို အသင်းကနေ အငှားနဲ့ ထွက်ခွာကစားနေတဲ့ ကြယ်ပွင့်ကစားသမားတွေကိုပါ အသင်းကနေ ရောင်းထုတ်ပြီး အသင်းအတွက် ငွေကြေးပိုင်းပြန်လည်ရှာဖွေဖွယ်ရှိနေပါတယ်။

အင်တာမီလန်အသင်းဟာ ဒီရာသီမှာ တိုက်စစ်မှူးအီကာဒီ တောင်ပံကစားသမားပါရီဆစ် တိုက်စစ်ကစားသမား မာရီယို ဝါရင့်ကွင်းလယ်လူ နိုင်ဂိုလန်တို့လို ကစားသမားကောင်းတွေကို အငှားချထားခဲ့ပြီး လာဇာရို ရာဒူ ဟင်းနရစ် ဒီမားကို့စ် ဘာရာဇို အန်းမားအစရှိတဲ့ ကစားသမားတွေမှာလည်း အခြားသော အသင်းတွေဆီမှာ အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ ဒီကစားသမားတွေအားလုံးထဲကမှ အာဂျင်တီးနား တိုက်စစ်မှူးအီကာဒီဟာ အင်တာကနေ သေချာပေါက်ရောင်းချခံရမယ့်သူဖြစ်သလို လက်ရှိအနေအထားအရဆိုရင်လည်း တန်ကြေးက ပေါင်သန်း(၆၀)လောက်ကို ရှိနေနိုင်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ ပါရီဆစ် နိုင်ဂိုလန်တို့မှာလည်း အင်တာကို ပြန်လာဖို့ထက် လက်ရှိအငှားနဲ့ကစားနေတဲ့အသင်း ဒါမှမဟုတ်ရင် အခြားအသင်းတွေဆီကို ပြောင်းရွှေ့နိုင်တာကြောင့်မို့ အင်တာအနေနဲ့ ဒီကစားသမားတွေဆီကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၅၀)နီးပါးလောက်တောင် မျှော်လင့်ထားနိုင်ပါတယ်။