အသင်းကို နည်းပြအန်တိုနီယိုကွန်တီ စတင်ကိုင်တွယ်ချိန်ကနေစတင်ပြီး ပရီးမီးယားလိဂ်ရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ လူကာကူ အဲရစ်ဆင် အလက်ဆစ်ဆန်းချက်ဇ် အက်ရှ်လေယန်းတို့ကို ခေါ်ယူအားဖြည်းခဲ့တဲ့ အင်တာမီလန်အသင်းဟာ မကြာခင် ဖွင့်လှစ်တော့မယ့် နွေစျေးကွက်အတွင်းမှာလည်း ပရီးမီးယားလိဂ် ကစားသမားတွေကို ထပ်မံခေါ်ယူသွားဖို့ ဟန်ပြင်လို့နေပြီး လက်ရှိမှာတော့ မန်စီးတီးအသင်းရဲ့ ညာနောက်ခံကစားသမား ကိုင်လီဝေါ်ကာကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလို့နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အက်(၃၀)အရွှယ်ရှိနေပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ကိုင်လီဝေါ်ကာဟာ မန်စီးတီးအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ Lockdown စည်းမျဉ်းတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီး သူရဲ့တိုက်ခန်းမှာတောင် လိင်အသားပေးပါတီတစ်ခုကိုပါ ကျင်းပခဲ့တဲ့အတွက် အာဏာပိုင်တွေရဲ့ အပြစ်ပေးမှုကို ခံယူရဖွယ်ရှိနေသလို မန်စီးတီးအသင်းဘက်ကနေလည်း ဒဏ်ငွေရိုက်ဖွယ်ရှိနေပါတယ်။ ဒီလို အခြေအနေတွေရှိနေတဲ့ ဝေါ်ကာကို အင်တာမီလန်ဘက်ကနေ စတင်ချဉ်းကပ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : AS English

ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာကတော့ သူ့အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဝေါ်ကာကို အသင်းကနေ ရောင်းထုတ်သွားဖို့ လုံးဝဆန္ဒမရှိပဲ တခြားသော ညာနောက်ခံလူဖြစ်တဲ့ ဂျာအိုကန်ဆယ်လိုကိုသာ လာမယ့်ရာသီမှာ အသင်းကနေ ပြန်လည်ရောင်းချသွားဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ဝေါ်ကာဟာ မနှစ်က ဘောလုံးရာသီမှာပဲ မန်စီးတီးအသင်းနဲ့ ၂၀၂၄ခုနှစ်အထိကို စာချုပ်သက်တမ်းတိုးထားခဲ့တာကြောင့် အင်တာက သူ့ကိုခေါ်ယူဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းဘက် ဝေါ်ကာကို အပြစ်ပေးမှုတွေ များစွာလုပ်ဆောင်လာမယ်ဆိုရင် ဒါမှမဟုတ် သူတို့အသင်းနဲ့ သတင်းတွေထွက်လို့နေတဲ့ ညာနောက်ခံလူ နယ်ဆင်ဆယ်မီဒိုကိုပါ ခေါ်ယူဖြစ်မယ်ဆိုရင်တော့ ဝေါ်ကာလည်း သူရဲ့အနာဂတ်အတွက် စဉ်းစားလာနိုင်တာကြောင့် အင်တာဘက်ကနေ ဆက်လက်ပစ်မှတ်ထားနေရတာဖြစ်ပါတယ်။ အင်တာဟာ လာမယ့်ရာသီမှာ နောက်ထပ်ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ အာဆင်နယ် ညာနောက်ခံကစားသမား ဘယ်လာရင်ကိုလည်း ပစ်မှတ်ထားလို့နေပြီး ဘယ်လာရင်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။