MySport Myanmar

လူကာကို ချဲလ်ဆီး ပြန်ပို့ပြီး အူဘာကို ပြန်ခေါ်သွားမယ့် အင်တာမီလန်

အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ရောက်ချိန်မှာ ချဲလ်ဆီးကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်ကစားသမား လူကာကူကို သူရဲ့ မူလကလပ်ဆီ ပြန်ပို့ပြီး နောက်ထပ် ချဲလ်ဆီး တိုက်စစ်ကစားသမား အူဘာမီယန်းကိုပဲ ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်ဖွယ် ရှိနေပါတယ်။

Photo Credit : Twitter

ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး အူဘာမီယန်းဟာ ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်းမှာပဲ ဘာစီလိုနာကနေ ချဲလ်ဆီးအသင်းဆီ ပေါင်(၁၀)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်ဆီ တကျော့ပြန် ရောက်ရှိခဲ့ပေမယ့် သူရဲ့ တကျော့ပြန် ခရီးစဉ်က မလှမပ ဖြစ်ခဲ့ရပါတယ်။ အသင်းကို ရောက်ရှိချိန်မှာပဲ နည်းပြ အပြောင်းအလဲ ဖြစ်သွားခဲ့ရသလို အသင်းနည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂရေဟမ်ပေါ်တာကလည်း အူဘာကို အသင်းမှာ နေရာ သိပ်မပေးတော့တာကြောင့် အသင်းနဲ့ လက်တွဲပြီး တစ်နှစ်တောင် မပြည့်သေးခင်မှာပဲ အူဘာရဲ့ ချဲလ်ဆီး ကစားသမားဘဝ အနာဂတ်က စတင် လှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : The Sun

ပိုဆိုးသွားတာကတော့ ဆောင်းဈေးကွက်ထဲ တိုက်စစ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့ ချဲလ်ဆီးအသင်းက အူဘာကို ချန်ပီယံလိဂ် ကစားသမားစာရင်းကနေ ဖယ်ရှားပြီး ကစားသမားသစ်တွေ နေရာပေးလိုက်တာဟာ အူဘာအတွက်တော့ အဆင်မပြေစရာ ဖြစ်သွားခဲ့ရပါတယ်။ ဒီအချိန်မှာ အူဘာကိုယ်တိုင် သူ့အသင်းဟောင်း ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ အယ်လ်ကလက်စီကို ပွဲစဉ်ကို သွားရောက် ကြည့်ရှုခဲ့တဲ့အပြင် နိုင်ပွဲရခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေနဲ့ပါ အောင်ပွဲခံခဲ့ပါသေးတယ်။

Photo Credit : Goal

ဒီလိုအခြေအနေတွေကြောင့် ဘာစီလိုနာဘက်က သူတို့ ကစားသမားဟောင်း အူဘာကို လာမယ့်နွေမှာပဲ ပြန်လည် ခေါ်ယူလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပြီး ချဲလ်ဆီးဘက်ကလည်း အူဘာကို စာချုပ်ဖျက်သိမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ လတ်တလောမှာတော့ အူဘာကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ အင်တာလည်း ပါဝင်လာခဲ့ပြီး အင်တာက လူကာကူကို ချဲလ်ဆီးဆီ ပြန်လည် ပို့ဆောင်ကာ အူဘာကို အသင်းထံ အရ ခေါ်ဆောင်သွားဖွယ် ရှိနေပါတယ်။

Exit mobile version