အင်တာမီလန်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ဒီကစားသမားနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းနဲ့အပြိုင် ကမ်းလှမ်းမှုတွေကို လုပ်ဆောင်ဖွယ်ရှိနေတယ်လို့ အီတလီသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

အသက်(၃၀)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဒီနှစ်ဘောလုံးရာသီအကုန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားကိုယ်တိုင်က လီဗာပူးလ်နဲ့ သက်တမ်းတိုးဖို့အတွက် စိတ်ပါလက်ပါ မရှိသေးတာကြောင့် အသင်းနဲ့ လမ်းခွဲရဖို့ကို ပိုမိုနီးစပ်လာခဲ့ရပါတယ်။ ဒါ့အပြင် ဝိုင်နယ်ဒန်ဟာ လာမယ့်ဇန်နဝါရီလ (၁)ရက်နေ့ကနေစတင်ပြီး ပရီးမီးယားလိဂ်ပြင်ပ ကလပ်အသင်းများတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဒီလိုအခြေနေတွေရှိနေတဲ့ ဝိုင်နယ်ဒန်ကို နယ်သာလန်လက်ရွေးစင်အသင်းနည်းပြဟောင်း ရော်နယ်ကိုးမန်း ကိုင်တွယ်လို့နေတဲ့ ဘာစီလိုနာအသင်းက ခေါ်ယူချင်နေပြီး စီးရီးအေကလပ် အင်တာမီလန်အသင်းကလည်း ဘာစီလိုနာနဲ့အပြိုင် ဝိုင်နယ်ဒန်ကို အရခေါ်ယူချင်နေတယ်လို့ အီတလီအခြေစိုက် Tuttomercatoweb ကနေ ဖော်ပြလာခဲ့ပါတယ်။ အင်တာနည်းပြ အန်တိုနီယိုကွန်တီက အသင်းကို စတင်ကိုင်တွယ်ချိန်ကနေစတင်ပြီး ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ လူကာကူ ဆန်းချက်ဇ် အက်ရှ်လေယန်း အဲရစ်ဆင်တို့ကို ခေါ်ယူခဲ့သလို အခုလည်း ပရီးမီးယားလိဂ်ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ ဝိုင်နယ်ဒန်ကိုပါ ထပ်မံအလိုရှိနေတာဖြစ်ပါတယ်။ ဒီလို အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေရတဲ့ ဝိုင်နယ်ဒန်ကို လီဗာပူးလ်ဘက်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ချင်သလို လာမယ့်ဆောင်းစျေးကွက်မှာလည်း ရောင်းချသွားဖို့ ဆန္ဒမရှိတဲ့အတွက် အသင်းမှာပဲ အနည်းဆုံး(၂)နှစ်လောက် ဆက်လက်ရှိနေနိုင်ဖို့ကိုသာ ဆက်လက်ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ်ကမှ နယူးကာဆဲလ်ကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)နဲ့ ရောက်ရှိလာခဲ့တဲ့ ဝိုင်နယ်ဒန်ဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် ဥရောပစူပါဖလား ဖီဖာကမ္ဘာ့ကလပ်ဖလားတွေကိုပါ ပိုင်ဆိုင်ထားနိုင်ခဲ့သလို ဒီရာသီမှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ နောက်ထပ်ဆုဖလားတွေ အရယူဖို့အတွက် အခြေအနေကောင်းလျက် ရှိနေပါတယ်။