ဘယ်လ်ဂျီယံအသင်းနဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင်ဆင်နွဲရင်း အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီးနောက် လက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ကြောင်း ကြေညာခဲ့တဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာလည်း သူရဲ့အနာဂတ်က မရေမရာ ဖြစ်နေရတာကြောင့် ဒီအခြေအနေကို အင်တာမီလန်ဘက်က စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

Eden Hazard admits he could leave Real Madrid in summer but says January  transfer is 'impossible' | Goal.com Malaysia

Photo Credit : Goal

လက်ရှိမှာ အသက်(၃၁)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ကလပ်အသင်းမှာရော လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဟာဇက်ကို သူရဲ့ကလပ်အသင်း ရီးယဲလ်က လာမယ့်ဈေးကွက်တွေထဲမှာ ရောင်းထုတ်သွားချင်နေပါတယ်။ တစ်ချိန်က ချယ်လ်ဆီးအသင်းမှာ အတော်လေး တောက်ပနိုင်ခဲ့တဲ့ ဟာဇက်ဟာ ချယ်လ်ဆီးကနေ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့နောက်မှာပဲ သူ့ကစားသမားဘဝက တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပြီး အချိန်အများစုက ဒဏ်ရာပြသာနာတွေနဲ့သာ ဖြတ်သန်းခဲ့ရသလို သူရဲ့ ခြေစွမ်းပိုင်းတွေဟာလည်း သိသိသာသာ ကျဆင်းလာခဲ့ရပါတယ်။

Real Madrid's Eden Hazard emerges as target for Galatasaray? - Sports Mole

Photo Credit : Sports Mole

ဟာဇက်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ရီးယဲလ်အသင်းအတွက် လာလီဂါ(၃)ပွဲနဲ့ ချန်ပီယံ(၃)ပွဲ စုစုပေါင်း(၆)ပွဲသာ ပါဝင်ထားခဲ့ရပြီး အဲ့ဒီထဲကမှ (၄)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရပါတယ်။ ရီးယဲလ်နည်းပြ ကားလို့အန်စလော့တီကလည်း ဒီရာသီအတွင်း မကြာခဏ ဒဏ်ရာရရှိနေတဲ့ တိုက်စစ်မှူး ကာရန်ဘန်ဇီမာရဲ့ နေရာမှာ ဟာဇက်ကို false 9 ပုံစံအဖြစ် အသုံးပြုသွားဖို့ ဆန္ဒရှိခဲ့ပေမယ့် ဟာဇက်ရဲ့ စွမ်းဆောင်ရည်ကို သဘောမကျတော့တာကြောင့် အသင်းမှာ ကစားခွင့်ပါ သိပ်မပေးတော့ပဲ ဘန်ဇီမာ မပါနိုင်တဲ့ ပွဲတွေမှာ ရိုဒရီဂိုကို အထောင်နေရာမှာ အသုံးပြုလာသလို ဟာဇက်ကိုလည်း unused substitute အဖြစ်နဲ့သာ အသုံးပြုလာခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အင်တာမီလန်အသင်းက ဟာဇက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ပြောင်းရွှေ့ကြေး အနည်းငယ်ခန့်နဲ့ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပါတယ်။ အင်တာအသင်းက ဟာဇက်ကို အလွန် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ခေါ်ယူနိုင်ပေမယ့် ဟာဇက်ရဲ့ လုပ်ခလစာကတော့ အလွန်မြင့်မားနေတာဖြစ်လို့ ဒါက အင်တာအတွက် အခက်အခဲတစ်ခု ဖြစ်လာနိုင်ပြီး ဟာဇက်ဘက်က သူ့လစာအတွက် ကြီးမားတဲ့ pay cut မျိုး လုပ်ဆောင်နိုင်မှသာ အပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ပါလိမ့်မယ်။ တကယ်လို့ ဟာဇက်အနေနဲ့ အင်တာကို ရောက်ရှိလာမယ်ဆိုရင်တော့ သူရဲ့လက်ရွေးစင်အသင်းဖော် လူကာကူနဲ့ တစ်သင်းတည်းမှာ တွဲဖက် ကစားရတော့မှာပဲ ဖြစ်ပါတယ်။