အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ဗဟိုနောက်ခံလူ ရှကရီညာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယနေ့ညနေမှာပဲ ဟယ်ရီ မက်ဂွိုင်းယား အတွက် စုံစမ်းမှုတွေပါ ပြုလုပ်လာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အင်တာမီလန်က သူတို့အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး ဖြစ်သူ ရှကရီညာကို ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီထံ ရောင်းချဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ရှကရီညာကလည်း ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခွင့် ရဖို့ အင်တာမီလန် အပေါ် တွန်းအားပေးနေတာကြောင့် အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေက ရှကရီညာရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦးကို အပူတပြင်း ရှာဖွေနေပါတယ်။

Photo Credit: Bein Sports

ကနဦး သတင်းတွေအရ အင်တာမီလန်က ရှကရီညာရဲ့ နေရာကို မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး တဦး ဖြစ်သူ လင်ဒီလော့ဖ်နဲ့ အစားထိုးဖို့ ကြံရွယ်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က လင်ဒီလော့ဖ်ကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အင်တာမီလန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ထပ် ဗဟိုခံစစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ မက်ဂွိုင်းယားကို ခေါ်ယူဖို့ ပြောင်းလဲ စိတ်ဝင်စားလာပြီး မက်ဂွိုင်းယားကလည်း သူတို့အသင်းဆီ ပြောင်းလာဖို့ စိတ်ဝင်စားမယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: Bein Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အင်တာမီလန်က ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်လာခဲ့ပြီး မက်ဂွိုင်းယားကတော့ ယူနိုက်တက် ကနေ ထွက်ခွာကာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် ရာသီကုန် အထိ မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်နေဖွယ် ရှိကြောင်း သိရပါတယ်။

ဒါပေမယ့် အင်တာမီလန်က ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အသင်း ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်ဆီ ကနေ လူကာကူ ၊ ဆန်းချက်ဇ် ၊ ဒါမီယန် စတဲ့ ကစားသမားတွေကို ခေါ်ယူဖူးတာကြောင့် မက်ဂွိုင်းယားကိုလည်း ခေါ်ယူသွားနိုင်ချေ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်က မက်ဂွိုင်းယား အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား တောင်းဆိုလိမ့်မယ်လို့ နာမည်ကြီး အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။