MySport Myanmar

ဆန်းချက်ဇ်ကို ရောင်းထုတ်ပြီး ဒီဘားလားကို ခေါ်ယူသွားဖို့ စီစဉ်နေတဲ့ အင်တာမီလန်

အင်တာမီလန်အသင်းဟာ free agent ကစားသမားတစ်ဦး ဖြစ်နေတဲ့ ဂျုဗင်တပ်စ် ကစားသမားဟောင်းဖြစ်သူ ပေါ်လိုဒီဘားလားကို ခေါ်ယူရာမှာ ငွေကြေးအထောက်အပံ့ ဖြစ်စေဖို့အတွက် အသင်းရဲ့ ချီလီ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဆီ ရောင်းချနိုင်ရန် မျှော်လင့်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ဘာစီလိုနာ အာဆင်နယ် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ယူနိုက်တက်ကနေ အင်တာမီလန်အသင်းဆီ တစ်ရာသီအငှားနဲ့ ရောက်ရှိလာခဲ့ပြီး ၂၀၂၀နွေရာသီမှာတော့ အင်တာကို (၃)နှစ်စာချုပ်နဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အင်တာအတွက် ပြိုင်ပွဲစုံ ပွဲအရေအတွက်ပေါင်း (၃၉)ပွဲကစား (၉)ဂိုး သွင်းယူပြီး (၄)ဂိုးထိ ဖန်တီးနိုင်ခဲ့ပါတယ်။ ဆန်းချက်ဇ်ဟာ အင်တာအတွက် ကစားခွင့်ရတိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပြီး သူရဲ့ပွဲသိမ်းသွင်းဂိုးနဲ့ အင်တာအသင်းကို ပြီးခဲ့တဲ့ရာသီမှာ စူပါကိုပါအီတလီယာဖလား ဆွတ်ခူးစေနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို စွမ်းဆောင်မှုတွေ ပြုလုပ်ထားခဲ့ပေမယ့်လည်း အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့တဲ့ အသက်(၃၃)နှစ်အရွယ် ဆန်းချက်ဇ်ကို ဒီဈေးကွက်ထဲမှာပဲ ရောင်းချပြီး ဒီဘားလားကို ခေါ်ယူဖို့အတွက် ငွေကြေးပြန်လည်ရှာဖွေချင်နေပါတယ်။ အင်တာမီလန်အသင်းဟာ လက်ရှိ အသင်းတိုက်စစ်ပိုင်းမှာ မာတီနက်ဇ် ဂျက်ကို ဆန်းချက်ဇ်တို့ ရှိနေသလို လူကာကူကိုပါ ချယ်လ်ဆီးကနေ ပြန်လည်ခေါ်ယူထားတာဖြစ်လို့ အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဒီဘားလားကို ထပ်မံခေါ်ယူဖို့က မလွယ်ကူတော့သလို ဖြစ်နေရပါတယ်။ ဒါပေမယ့် အင်တာဘက်ကတော့ ဆန်းချက်ဇ်ကို ဖလာမင်ဂိုအသင်းဆီ ရောင်းချသွားချင်နေသလို အသင်းရဲ့ အသက်ကြီး ကစားသမား အီဒင်ဂျက်ကိုကိုလည်း အသင်းကနေ ရှင်းထုတ်ဖို့ အစီအစဉ် ရှိနေတာကြောင့် ဒီကစားသမားတွေသာ အသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုရင် ဒီဘားလားကို အရခေါ်ယူဖွယ် ရှိနေပါတယ်။ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ပြီးခဲ့တဲ့ ဇွန်(၃၀)ရက်နေ့မှာပဲ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး free agent ကစားသမားတစ်ဦး ဖြစ်နေရပေမယ့် free agent မဖြစ်လာခင်ကတည်းက အင်တာအသင်းနဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့သူ ဖြစ်သလို လက်ရှိအချိန်ထိလည်း အင်တာက ဒီဘားလားကို ထပ်မံအလိုရှိနေပါတယ်။ ဒါပေမယ့် ဒီဘားလားကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြောင်းရွှေ့လာဖို့ ဆန္ဒရှိလို့နေပါတယ်။

Exit mobile version