MySport Myanmar

ရှကရီညာနေရာမှာ ချာလိုဘာနဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားနေတဲ့ အင်တာ

အင်တာမီလန်အသင်းဟာ လာမယ့်နွေမှာ ပီအက်စ်ဂျီအသင်းဆီ free transfer နဲ့ ပြောင်းရွေ့သွားတော့မယ့် အသင်းရဲ့ ခံစစ်ကစားသမား မီလန်ရှကရီညာရဲ့ နေရာမှာ ချယ်လ်ဆီး နောက်ခံလူ ချာလိုဘာနဲ့ ပြန်လည် အစားထိုးသွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

အင်တာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ရှကရီညာကို လာမယ့်နွေမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်လွတ်သွားရတော့မှာဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့အတွက် ခံစစ်ကစားသမားတွေကို ရှာဖွေလျက် ရှိနေရာ ချယ်လ်ဆီး ခံစစ်မှူး ချာလိုဘာကို မျက်စိကျလာခဲ့တယ်လို့ သိရှိရပါတယ်။ အသက်(၂၃)နှစ်အရွယ် ခံစစ်ကစားသမား ချာလိုဘာဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားသူ ဖြစ်ပေမယ့်လည်း လက်ရှိအသင်းမှာက နေရာစုံ ကစားသမား အရေအတွက် ဖောင်းပွနေမှုကြောင့် ပုံမှန်ကစားခွင့်အတွက် မသေချာလာနိုင်တဲ့အပြင် အသင်းကလည်း ကစားသမားသစ်တွေ များစွာ ခေါ်ယူထားခဲ့လို့ လာမယ့်နွေမှာ အသင်းသားတချို့ကို ပြန်လည် ရောင်းထုတ်ဖို့ပါ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီး အကယ်ဒမီထွက် ချာလိုဘာဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲ ကစားထားရပြီး အဲ့ဒီထဲကမှ (၁၆)ပွဲအထိ ပွဲထွက်ကစားသမားအဖြစ် ကစားထားခဲ့ရပေမယ့်လည်း အခု အသင်းရဲ့ဗဟိုခံစစ်နေရာ ဘာဒီအက်ရှီလီ ခြေစွမ်းပြနေသလို သူ ဝင်ကစားပေးရတဲ့ ညာခြမ်းမှာကလည်း ရီးစ်ဂျိမ်းစ်က ပြန်ကစားနေပြီဖြစ်လို့ ချာလိုဘာရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာနိုင်ဖို့ ရှိနေရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ချာလိုဘာကို အင်တာမီလန်အသင်းက စိတ်ဝင်စားလာခဲ့ပြီး ရှကရီညာနေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ်ထားလာခဲ့ပါတယ်။ အင်တာက သူတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်းနေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ချာလိုဘာအပြင် မန်ယူနိုက်တက် ကစားသမားဟောင်း ခရစ်စမောလင်းနဲ့ အတ္တလန်တာ နောက်ခံလူတွေဖြစ်တဲ့ စကယ်လ်ဗီနီ ဒီမီရယ်တို့ကိုလည်း ချိန်ရွယ်လျက် ရှိနေပါတယ်။ ဒါ့အပြင် အင်တာက ယူနိုက်တက်အသင်းမှာ အနာဂတ် မတည်မငြိမ် ဖြစ်လာခဲ့သူ ဟယ်ရီမက်ဂွိုင်းယားရဲ့ အခြေအနေကိုလည်း စောင့်ကြည့်လျက် ရှိနေပြီး နွေဈေးကွက်ဖွင့်ချိန်မှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖွယ်လည်း ရှိနေပါတယ်။

Exit mobile version