အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ မာရော့တာ ကတော့ သူတို့အသင်းဟာ ပြိုင်ဘက် ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ပေါ်လို ဒိုင်ဘာလာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဒိုင်ဘာလာဟာ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး သုံးဦးထဲက တဦး အဖြစ် ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့လည်း စာချုပ်သက်တမ်း ၅လကျော်သာ ကျန်တော့တဲ့သူပါ။

Photo Credit: Metro

ဒိုင်ဘာလာဟာ ဂျူဗင်တပ်အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒိုင်ဘာလာဟာ ကနဦးမှာ ဂျူဗင်တပ်အသင်းနဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူထားပေမယ့် ဂျူဗင်တပ်အသင်းဘက်က ဘဏ္ဍာရေး အကြပ်အတည်းကို အကြောင်းပြပြီး ဒိုင်ဘာလာကို စာချုပ်သစ် ချုပ်ဆိုဖို့ တွန့်ဆုတ်နေတာကြောင့် အင်တာမီလန်က ဒိုင်ဘာလာကို ခေါ်ယူဖို့ ကြားဖြတ် ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ အင်တာမီလန်အသင်းရဲ့ တာဝန်ရှိသူတွေက ဒိုင်ဘာလာရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အင်တာမီလန် ဥက္ကဌ မာရော့တာ ကတော့ သူတို့အသင်းဟာ ဒိုင်ဘာလာလို ထိပ်တန်း ကစားသမားကို အလွတ်နဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

မာရော့တာက – “ဒိုင်ဘာလာလိုမျိုး ထိပ်တန်း ကစားသမား တယောက်ကို နောက်ထပ် ၆လ အကြာမှာ အလွတ်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေလို့ သူ့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဒါက အပြောင်းအရွှေ့ ဈေးကွက်တိုင်းမှာ မြင်တွေ့ရမယ့် ကိစ္စတခုပါပဲ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။