ဒီနေ့ ဇွန်လ(၂၅)ရက်နေ့ မနက်(၁၂)နာရီအချိန်မှာ အီတလီစီးရီးအေ ဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ်(၂၇)ပွဲစဉ်အဖြစ် စီးရီးအေချန်ပီယံဆုအတွက် မျှော်လင့်ချက်အနည်းငယ် ရှိနေသေးတဲ့ အင်တာမီလန်အသင်းနဲ့ အမှတ်ပေးဇယား အလယ်အလတ်မှာ ရပ်တည်နေတဲ့ ဆာဆူအိုလိုအသင်းတို့ ပွဲစဉ်မှာတော့ တစ်ဖက်ကို (၃)ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

အင်တာမီလန်အသင်းဘက်မှာ လူကာကူ အဲရစ်ဆင် ဘာရယ်လာ မော့ဆက်စ် ဂတ်လီယာဒီနီ ဗာရီလာ ဆန်းချက်ဇ် ဘာရာဂီ ရာနော့ချီယာ ရှကရီညာ ဘာစတိုနီနဲ့ ဟန်ဒါနိုဗစ်တို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအ(၄)မိနစ်မှာပဲ ဧည့်သည်ဆာဆူအိုလိုရဲ့တိုက်စစ်ဆင်လာမှုကို အင်တာခံစစ်ဘက်ကနေ မထိန်းထားနိုင်ပဲ ဦးဆောင်ဂိုးကိုပါ ခွင့်ပြုပေးလိုက်ပါတယ်။ ဒီဂိုးကိုတော့ တိုက်စစ်မှူးကာပူတိုက သွင်းယူခဲ့ပါတယ်။ ပွဲရဲ့အစောပိုင်းမှာပဲ ဂိုးပေးလိုက်ရတဲ့ အင်တာက သွင်းဂိုးတွေ ပြန်ရအောင်ကြိုးပမ်းခဲ့ပေမယ့် ဆာဆူအိုလိုရဲ့ ခံစစ်ကစားပုံကြောင့် ဂိုးပြန်ရဖို့ ခက်ခဲနေခဲ့ရပြီး (၄၁)မိနစ်မှာ ပင်နယ်တီကန်ခွင့်ရခဲ့လို့ လူကာကူက ပြန်လည်ချေပနိုင်ခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီးမှာလည်း ဘာရာဂီက အင်တာအတွက် ပြန်လည်ဦးဆောင်နိုင်မယ့် သွင်းဂိုးကိုပါ ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာ လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တဲ့ အင်တာဟာ ဒုတိယပိုင်း ပြန်စတင်ချိန်မှာလည်း ဧည့်သည်အသင်းပေါ်ကို အတော်လေးဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး သွင်းယူထားခဲ့တဲ့ ဘာရာဂီက (၄၉)မိနစ်မှာ ဖရီးကစ်ကနေ အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲက ဒုတိယပိုင်းပြီးခါနီးလေးမှပဲ အလှည့်အပြောင်းတွေ အများကြီးဖြစ်ပေါ်လာခဲ့ကာ ဆာဆူအိုလိုဘက်က ပင်နယ်တီရလို့ ချေပဂိုးသွင်းယူခဲ့တာ အင်တာဘက်ကနေ (၅)မိနစ်အကြာမှာ ပြန်လည်ဦးဆောင်ခဲ့ပြီး မိနစ်(၉၀)မှာပဲ ဆာဆူအိုလိုက တတိယမြောက်ချေပဂိုးကို ထပ်မံရယူခဲ့ပါတယ်။