အင်တာမီလန်အသင်းရဲ့ အမှုဆောင် မာရော့တာက သူတို့အသင်းအနေနဲ့ နွေဈေးကွက် ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုအဖြစ် ရိုးမားအသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဟင်းနရစ်မစ်ခီတာရန်နဲ့ အေဂျက်စ်အသင်းရဲ့ ဂိုးသမား အန်ဒရေအိုနာနာတို့ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုသွားခဲ့သလို လူကာကူနဲ့ ဒီဘားလားတို့ကိုလည်း အသင်းရဲ့ အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ပြီး အရခေါ်ယူသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Giuseppe Marotta appointed Inter Milan CEO - SportsPro

Photo Credit : SportPro Media

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အီတလီစီးရီးအေ အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာ ရပ်တည်နိုင်ခဲ့သလို ကိုပါအီတလီယာဖလားနဲ့ စူပါကိုပါဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ အင်တာမီလန်အသင်းဟာ မနှစ်က ရာသီအတွင်း လာဇီယိုကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ယော်ကွင်းကော်ရီယာကို အပြီးသတ် ခေါ်ယူထားနိုင်ခဲ့တဲ့အပြင် မစ်ခီတာရန်နဲ့ အိုနာနာတို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ မာရော့တာက အတည်ပြုသွားခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး မာရော့တာက “ ကျွန်တော်တို့ဘက်က အိုနာနာနဲ့ မစ်ခီတာရန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူစာချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Henrikh Mkhitaryan controversially rejected the chance to stay at Roma in favour of a move to Inter Milan

Photo Credit : The Sun

အင်တာကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ကင်မရွန်းဂိုးသမား အိုနာနာဟာ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး အေဂျက်စ်အသင်းမှာလည်း ၂၀၁၆ခုနှစ်ကတည်းက ပါဝင်နေသူဖြစ်ကာ တားမြစ်ဆေး မှားယွင်း သုံးစွဲမှုကြောင့် ဘောလုံးကစားခြင်းကနေ လအတန်ကြာ ရပ်ဆိုင်းခံခဲ့ရထားပေမယ့် မကြာသေးခင်ကပဲ သူရဲ့ပြစ်ဒဏ်ကနေ လွတ်မြောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အာဆင်နယ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး မစ်ခီတာရန်ကတော့ ရိုးမားအသင်းဆီကို ၂၀၁၉ခုနှစ်ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းနဲ့အတူ ယူရိုပါကွန်းဖရန့်လိဂ်ဖလားကို အရယူဆောင်နိုင်ခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်လုံးက သက်ဆိုင်ရာအသင်းတွေမှာ အဓိကကျတဲ့ ကစားသမားတွေဖြစ်လို့ သူတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာက အင်တာအတွက် အကျိုးရှိစေတဲ့ ခေါ်ယူမှု ဖြစ်စေမှာ သေချာပါတယ်။ ဒါ့အပြင် မာရော့တာက သူတို့ရဲ့ ကစားသမားဟောင်း လူကာကူနဲ့ ဂျုဗီနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဒီဘားလားတို့ကိုလည်း ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ပါ အတိအလင်း ပြောဆိုသွားခဲ့ပါတယ်။