အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က သူတို့အသင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ကလပ် ဘရုဂေးရဲ့ တောင်ပံကစားသမား ဘူချာနန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ကနေဒါ လက်ရွေးစင် တောင်ပံကစားသမား ဘူချာနန်က ညာတောင်ပံ ၊ ဘယ်တောင်ပံနဲ့ ညာခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာမှ မေဂျာလိဂ်ကလပ် နယူး အင်္ဂလန် ကနေ ဘရုဂေးထံ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Standard

ဘူချာနန်က ကလပ် ဘရုဂေးအတွက် ပြိုင်ပွဲစုံမှာ ၆၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၂ကြိမ် ရရှိထားပြီး သူ့ရဲ့ ဂိုးပါဝင်ပတ်သတ်မှုနှုန်းက နည်းပါးနေပေမယ့် လုပ်အားနှုန်း ကောင်းမွန်မှုကြောင့် ဘရုဂေးရဲ့ အဓိက ကစားသမား ဖြစ်နေပါတယ်။

တဖက်မှာတော့ အင်တာမီလန်က တံကောက်ကြောဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မယ့် စွယ်စုံရ တောင်ပံကစားသမား ကွာဒရာဒိုရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား တဦးကို အသည်းအသန် ရှာဖွေနေပြီး ညာတောင်ပံနဲ့ ညာခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ဘူချာနန်ဟာ အင်တာမီလန်ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပါ။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်က ဘူချာနန်ကို ခေါ်ယူဖို့ အတွက် ကလပ် ဘရုဂေးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဆွေးနွေးမှုတွေက အဆင်ပြေနေတာကြောင့် လာမယ့် သီတင်းပတ်ထဲမှာပဲ ဘူချာနန်ရဲ့ အနာဂတ် အတွက် တိကျတဲ့ အဖြေတခုကို ရနိုင်တယ်လို့ သိရပါတယ်။

ဘူချာနန်က အင်တာမီလန်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားတာကြောင့် အင်တာမီလန်ဟာ ကလပ် ဘရုဂေးနဲ့ ဘူချာနန် အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရတာနဲ့ ဘူချာနန်ကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပြီး အင်တာမီလန်က ဘူချာနန် အတွက် ဘရုဂေးထံ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် ပေးရနိုင်ပါတယ်။