အီတလီ စီးရီးအေ အင်အားကြီးကလပ် အင်တာမီလန်ဟာ ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ ဂျာမဏီနဲ့အတူ တောက်ပခဲ့တဲ့ အတ္တလန်တာ ဘယ်နောက်ခံလူ ရော်ဘင် ဂိုဆန်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
အီတလီ စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ အင်တာမီလန်ဟာ ယခုနှစ် ဘောလုံးရာသီမှာ သူတို့ရဲ့ အမှတ်ပေး ချန်ပီယံဘွဲ့ကို စိန်ခေါ်နေတဲ့ အသင်းတွေ များပြားလာတာကြောင့် ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်အောင် အသင်းကို တတ်နိုင်သမျှ အင်အားဖြည့်ဖို့ စီစဉ်နေတဲ့ အသင်းပါ။
Photo Credit: 90 Mins
အင်တာမီလန်ဟာ ဘယ်နောက်ခံနေရာမှာ အသက်အရွယ် ရနေတဲ့ ဝါရင့် နောက်ခံလူ ကိုလာရော့ဗ်ကို အားပြုနေရတာကြောင့် အသင်းရဲ့ ဘယ်နောက်ခံနေရာကို ဦးစွာ ပထမ အင်အားဖြည့်တင်းဖို့ စီစဉ်ခဲ့ပြီး ဘယ်နောက်ခံလူ အဖြစ်နဲ့ ကစားနိုင်ရုံသာမက ဘယ်တောင်ပံ ကစားသမား အဖြစ် ကစားနိုင်တဲ့ ဂိုဆန်က သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။
အသက် ၂၇နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် ဘယ်နောက်ခံလူ ဂိုဆန်ဟာ ပြီးခဲ့တဲ့ ယူရို၂၀၂၀ပြိုင်ပွဲမှာ ဂျာမဏီနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး လျင်မြန်မှု အသားပေး ကစားတတ်တဲ့ ကစားသမားလည်း ဖြစ်တာကြောင့် အင်တာမီလန်ရဲ့ တန်ပြန်တိုက်စစ် ကစားဟန်နဲ့ ကိုက်ညီမှု ရှိသူပါ။
Photo Credit: 90 Mins
နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ ဂိုဆန်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ရာသီကုန်မှာ ယူရို ၂၂သန်း + အပိုဆုကြေးတွေနဲ့ အပြီးသတ် ခေါ်ယူနိုင်မယ် ဆိုတဲ့ အချက်ကိုလည်း သဘောတူညီမှုမှာ ထည့်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။
ဂိုဆန်ကလည်း သူ့ရဲ့ ကစားသမားဘဝ တဆင့် မြင့်တက်နိုင်ဖို့ အတွက် အင်တာမီလန်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဂိုဆန်ရဲ့ အပြောင်းအရွှေ့ဟာ ယနေ့ည ဒါမှမဟုတ် မနက်ဖြန်မှာပဲ အပြီးသတ် သဘောတူညီမှု ရဖို့ ရှိနေကြောင်းလည်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။