စီးရီးအေ ချန်ပီယံဆုကို တစ်ကျော့ပြန် ပြန်လည် ရယူဖို့ ကြိုးစားနေတဲ့ အင်တာမီလန် အသင်း ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ယူ အသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ အင်္ဂလန် ဗဟိုနောက်ခံလူ စမောလင်းကို ဝယ်ယူဖို့ မျက်စိ ကျနေတယ် လို့ အီတလီ သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အင်တာမီလန် အသင်း ဟာ လက်ရှိ အချိန်မှာ သူတို့အသင်းရဲ့ ဗဟို နောက်ခံလူ ရှကီရီနာကို ပရီးမီးယားလိဂ် အသင်း တစ်သင်း ဖြစ်တဲ့ စပါးအသင်းထံ ရောင်းချဖို့ အတွက် ဆွေးနွေး နေပြီး ရှကီရီနာကိုသာ စပါး အသင်းထံ ရောင်းချ ဖြစ်ပါက စမောလင်းကို ခေါ်ယူဖို့ ကျိန်းသေပေါက် ကြိုးပမ်းလာမှာ ဖြစ်တယ် လို့ မီလန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Calcio Mercato

အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ အင်္ဂလန် ခံစစ်မှူး စမောလင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ မန်ယူအသင်း ကနေ ရိုးမား အသင်းထံ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး စီးရီးအေ ပြိုင်ပွဲရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦး အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိ နွေစျေးကွက် အတွင်းမှာ စမောလင်းကို အပြီးသတ် ခေါ်ယူဖို့ ရိုးမားအသင်းက ကြိုးစားနေတာ ဖြစ်ပြီး စမောလင်းဘက်က လည်း နေရာရဖို့ မကျိန်းသေတဲ့ မန်ယူအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ် ထားပါတယ်။ ဒါပေမယ့် မန်ယူအသင်းဟာ စမောလင်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်း ဝန်းကျင် ရယူလို နေပြီး ရိုးမား အသင်း ကတော့ စမောလင်း အတွက် ပေါင် ၁၂ သန်းသာ ပေးချေ လိုတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ ခက်ခဲ နေပါတယ်။

Photo Credit: Calcio Mercato

အီတလီရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Football Italia ရဲ့ ဖော်ပြချက် အရတော့ အင်တာမီလန် အသင်းဟာ ရိုးမားအသင်းနဲ့ အပြိုင် စမောလင်းကို ခေါ်ယူဖို့ စတင် လှုပ်ရှား လာပြီး စမောလင်းရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ် နေသလို စမောလင်း အတွက် မန်ယူအသင်းက လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်းကို ပေးချေဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ ထွက်ပေါ် နေတဲ့ သတင်းတွေ အရတော့ ယခုရက်ပိုင်း အတွင်းမှာပဲ ရှကီရီနာနဲ့ စပါးအသင်းရဲ့ အပြောင်းအရွှေ့ဟာ ပြီးပြတ်တော့မှာ ဖြစ်ကာ စပါးအသင်း အနေနဲ့ ရှကီရီနာ အတွက် အင်တာမီလန် အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၆၀ သန်း ဝန်းကျင် ပေးချေမှာ ဖြစ်ပြီး အင်တာမီလန် အသင်းကတော့ ရှကီရီနာကို ရောင်းချပြီးတာနဲ့ စမောလင်းကို ခေါ်ယူမယ် လို့ သိထား ရပါတယ်။ အင်တာမီလန် အသင်းမှာ လူကာကူ ၊ ဆန်းချက် ၊ အက်ရှလေယန်း တို့လို အသင်းဖော်ဟောင်းတွေ ရှိနေတာကြောင့် စမောလင်းဟာ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ပါဝင်စား နေတယ် လို့ စမောလင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။