အီတလီစီးရီးအေမှာ ၃ပွဲဆက်တိုက် သရေကျထားခဲ့ရပြီး အဆင့်၁က ဂျုဗင်တပ်စ်နဲ့ အဆင့်၃နေရာက လာဇီယိုအသင်းတွေကလည် အခုတစ်ပတ်မှာ နိုင်ပွဲကိုယ်စီ ပိုင်ဆိုင်ထားတာကြောင့် နိုင်ပွဲရဖို့ လိုအပ်နေတဲ့ အင်တာမီလန်အသင်းဟာ ဒီနေ့မှာတော့ ပုံစံကောင်းပြသလို့နေတဲ့ အူဒီးနီးစ်အသင်းနဲ့ စီးရီးအေပွဲစဉ်(၂၅)ကို ဆင်နွဲခဲ့ရပြီး တိုက်စစ်မှူးလူကာကူရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ရှင်အသင်းကို ၂ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

Photo Credit : Getty Images

ဧည့်သည် အင်တာမီလန်အသင်းက ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်မှာ ပရီးမီးယားလိဂ်ကနေ ခေါ်ယူထားခဲ့တဲ့ အဲရစ်ဆင် အက်ရှ်လေယန်းနဲ့ ဗစ်တာမိုဆက်စ်တို့ ကစားသမားသစ်၃ဦးကို တစ်ပြိုင်နက်တည်း အသုံးပြုလာခဲ့ပြီး ပင်တိုင်ဂိုးသမား ဟန်ဒါနိုဗစ်ကိုတော့ Line-up ကနေ ချန်လှပ်ခဲ့ပါတယ်။ တိုက်စစ်မှူးမာတီနက်ဇ် ပွဲပယ်ခံထားရလို့ လူကာကူကို ဆယ်ကျော်သက် ကစားသမား အက်စ်ပိုဆီတိုနဲ့ တွဲဖက်အသုံးပြုခဲ့ပါတယ်။ လူကာကူ အဲရစ်ဆင် ယန်း မိုဆက်စ် ဗီစယ်နို ဘာရယ်လာတို့လို ကစားသစားကောင်းများစွာ ပါဝင်လာခဲ့တဲ့ အင်တာမီလန်အသင်းကို အမှတ်ပေးဇယားရဲ့ အဆင့်၁၅နေရာမှာ ရပ်တည်လို့နေတဲ့ အူဒီးနီးစ်အသင်းက ပထမပိုင်းမှာကတည်းက ခြေရည်တူကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းချက်တွေကလည်း ဂိုးရလုနီးပါးလောက်အထိကို ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်အသင်းကမှ သွင်းဂိုးမရခဲ့လို့ ပထမပိုင်းကို ဂိုးမရှိနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပွဲကစားချိန်မှာတော့ ကစားသမားသစ်အဲရစ်ဆင်နဲ့ အက််စ်ပိုဆီတိုတို့ကိုထုတ်ပြီး ဘရိုဇိုဗစ်နဲ့ ဆန်းချက်ဇ်တို့ကို ထည့်သွင်းလာခဲ့ရာမှာ အင်တာတို့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကလည်း ပိုကောင်းလာခဲ့ကာ ၆၄မိနစ်မှာတော့ လူကာကူက အင်တာအတွက် အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးရပြီး သိပ်မကြာခင်မှာလည်း လူကာကူကပဲ အပိုင်ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် အံ့အားသင့်စရာကောင်းလိုက်အောင် ဂိုးဝင်အောင်ကန်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း မိနစ်ရ၀မှာ အင်တာတို့ ပင်နယ်တိီကန်သွင်းခွင့်ရခဲ့ပြီး လူကာကူကပဲ အဆုံးသတ်သွင်းယူနိုင်ခဲ့ပါတယ်။ အနိုင်ဂိုး၂ဂိုးရပြီးတဲ့နောက်မှာ အင်တာကပဲ ဒီအနိုင်ရလဒ်ကို ထိန်းသိမ်းကစားသွားခဲ့ပြီး စီးရီးအေ၃ပွဲဆက် သရေကျနေမှုကို ရပ်တန့်နိုင်ခဲ့သလို ဂျုဗင်တပ်စ်ကိုလည်း ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။