နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ ကမောက်ကမဖြစ်နေပြီး (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးလို့နေတဲ့ အင်တာမီလန်အသင်းဟာ ဒီနေ့ညမှာတော့ စီးရီးအေပွဲစဉ်(၃၂)အဖြစ် တန်းဆင်းဇုန်အနားကို ရောက်နေတဲ့ တိုရီနိုအသင်းနဲ့ အိမ်ကွင်းမှာ ဧည်ခံကစားခဲ့ပြီး ဒုတိယပိုင်းအတွင်း သွင်းဂိုးတွေနဲ့ အင်တာတို့ (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အိမ်ရှင်အင်တာအသင်းဟာ ဗီရိုနာကို သရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရထားတဲ့ အဓိကတိုက်စစ်မှူး လူကာကူကို အရန်စာရင်းမှာတောင် ထည့်သွင်းလာခဲ့ခြင်းမရှိသလို ဘာရယ်လာ မော့ဆက်တို့ကလည်း ဒီပွဲကို လွဲချော်ခဲ့ရကာ မာတီနက်ဇ် ဆန်းချက်ဇ် အက်ရှ်လေယန်း ဘရိုဇိုဗစ် ဗာလီရို ဒီအမ်ဘရိုစီယို ဂတ်လီယာဒီနီ ဒီဗရစ် ဘာစတုုိနီ ဂိုဒင်နဲ့ ဟန်ဒါနိုဗစ်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းမှာ အင်တာဘက်က တောက်လျှောက်ဖိအားပေးနိုင်ခဲ့ပေမယ့် သွင်းဂိုးမရခဲ့တဲ့အပြင် (၁၇)မိနစ်မှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေတစ်ဆင့် အင်တာဂိုးသမား ဟန်ဒါနိုဗစ် ဖမ်းယူတာမသေသပ်လို့ လက်ကကျလာတဲ့ ဘောလုံးကို ဘယ်လော့တီပိတ်သွင်းရင်း သွင်းဂိုးစတင်ခွင့်ပြုလိုက်ရပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အင်တာတို့ အကောင်းဆုံးပြန်လာနိုင်ခဲ့သလို (၄၉)မိနစ်မှာပဲ ယန်းရဲ့သွင်းဂိုးနဲ့ ချေပဂိုးပြန်ရခဲ့သလို တစ်ဆက်တည်းမှာပဲ နောက်ခံလူဂိုဒင်ကပါ အင်တာအတွက် ဦးဆောင်ဂိုးကိုပါ သွင်းယူသွားခဲ့ပါတယ်။ ပွဲချိန်(၆၁)မိနစ်မှာလည်း မာတီနက်ဇ်ရဲ့ကန်ချက် တိုရီနိုနောက်ခံလူနဲ့ထိပြီး တတိယဂိုးကို ဆက်လက်ပိုင်ဆိုင်ခဲ့ပါသေးတယ်။