ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်အတွင်းမှာ နိုင်ပွဲရသင့်ပါလျက်နဲ့ သရေကျအောင်ပဲ ကစားခဲ့တဲ့ အင်တာမီလန်အသင်းဟာ ဒီနေ့မှာတော့ စီးရီးအေပွဲစဉ်(၂၈)အဖြစ် ကစားရခက်တဲ့ ပါးမားအသင်းနဲ့ အဝေးကွင်းမှာ ပွဲကျပ်ပွဲစဉ်ကို ဆင်နွဲခဲ့ရပြီး အင်တာမီလန်အသင်းက နောက်ကျဂိုးတွေနဲ့အတူ (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

အင်တာမီလန်အသင်းဘက်မှာ လူကာကူ မာတီနက်ဇ် အဲရစ်ဆင် ဘာရယ်လာ ဂတ်လီယာဒီနီ ကန်ဒရီဗာ ဘာရာဂီ ဒီဗရစ် ဂိုဒင် ဒီအမ်ဘရိုစီယိုနဲ့ ဟန်ဒါနိုဗစ်တို့ ပါဝင်လာခဲ့ပြီး အဓိကနောက်ခံလူ ရှကရီညာကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို လွဲချော်ခဲ့ရပါတယ်။ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ အင်တာဘက်က ပါးမားဘက်ကို ပိုဖိအားပေးနိုင်ခဲ့ပေမယ့် အိမ်ရှင်ပါးမားက ပွဲချိန်(၁၅)မိနစ်မှာပဲ ဂါဗင်ဟိုရဲ့အကောင်းဆုံး အဆုံးသတ်ကန်ချက်ကို ပွဲကိုစတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ပါးမားရဲ့ဦးဆောင်မှုကို မိနစ်(၈၀)လောက်အထိ ပြန်လည်ချေပနိုင်ခြင်းမရှိပဲ (၈၄)မိနစ်မှာ ဒီဗရစ်က ချေပနိုင်ခဲ့သလို မော့ဆက်စ်ရဲ့ပေးပို့မှုကနေ ဘက်စ်တိုနီက အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုပါ ဆက်တိုက်သွင်းယူခဲ့ပါတယ်။

မနေ့ညက စီးရီးအေပွဲစဉ်(၂၈)ရဲ့ ပွဲစဉ်တော်တော်များများကို ယှဉ်ပြိုင်ကစားစေခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်တဲ့ အေစီမီလန်နဲ့ ရိုးမားပွဲစဉ်မှာ အိမ်ရှင်မီလန်က (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို အူးဒီးနီစ်နဲ့ အတ္တလန်တာတို့ပွဲမှာကတော့ ဧည့်သည်အတ္တလန်တာက (၂)ဂိုး(၃)ဂိုးနဲ့ ကပ်နိုင်ခဲ့တာကြောင့် အဆင့်(၅)နေရာက ရိုးမားနဲ့ (၉)မှတ်အထိ ဖြတ်တောက်နိုင်ခဲ့လို့ အဆင့်(၄)နေရာကို အခိုင်အမာပိုင်ဆိုင်နေပြီလို့တောင် သတ်မှတ်နိုင်ပါတယ်။ နာပိုလီကတော့ အိမ်ကွင်းမှာ SPAL ကို (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး သူ့အထက်က ရိုးမားအသင်းနဲ့ (၃)မှတ်သာ ကွာဟတော့သလို ယူရိုပါလိဂ်ဝင်ခွင့်အတွက် အပြိုင်အဆိုင် ဖြစ်နေခဲ့ရပါတယ်။