ဒီနေ့ ကြာသပတေးနေ့ညမှာတော့ နောက်ထပ် ဥရောပဘောလုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၃၂)သင်းအဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့ပွဲများကို စတင်ယှဉ်ပြိုင်ကစားစေခဲ့ပြီး ည၁၂နာရီ၂၅မိနစ်အချိန် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘူဂေးရီးယားထိပ်သီးအသင်း လူဒိုဂိုရက်ဇ်အသင်းနဲ့ စီးရီးအေနာမည်ကြီးအသင်း အင်တာမီလန်တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧည့်သည်အင်တာမီလန်အသင်းက ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဘူဂေးရီးယားမြေမှာ ပထမအကျော့ကို လာရောက်ကစားခဲ့ရတဲ့ အင်တာမီလန်အသင်းဟာ လူကာကူ ဘာရယ်လာ ကန်ဒရီဗာ ဘရိုဇိုဗစ် ရှာကရီညာ အစရှိတဲ့ အမာခံကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခြင်းမရှိပဲ မာတီနက်ဇ် ဆန်းချက်ဇ် မိုဆက်စ် ဗယ်စီနို အဲရစ်ဆင် ရာနိုချီယာ အမ်ဘရိုစီယိုတို့လို ကစားသမားတွေနဲ့အတူ ၃-၅-၂ ပုံစံနဲ့သာ ပွဲထွက်လာခဲ့ပါတယ်။ အဓိက ကစားသမားတွေများစွာ မပါဝင်ခဲ့ပေမယ့်လည်း နာမည်ကျော် ကစားသမားတွေ ပါဝင်နေသေးတဲ့ အင်တာမီလန်အသင်းဟာ ပထမပိုင်းကတည်းက အိမ်ရှင်အသင်းကို ထိန်းချုပ်ကစားသွားခဲ့ပြီး လူဒိုဂိုရက်ဇ်က ၄၅မိနစ်အတွင်းမှာ အင်တာကို ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်တစ်လေမှ မလုပ်နိုင်တဲ့အထိ တိုက်စစ်ကစားပုံက အားနည်းနေခဲ့ရပါတယ်။ အင်တာကလည်း အဲရစ်ဆင် ဗယ်စီနိုတို့လို ကွင်းလယ်ကစားသမားတွေ Form အောက်နေခဲ့လို့ ပထမပိုင်းမှာ အခွင့်အရေးမယ်မယ်ရရ မရခဲ့ပဲ ဂိုးမရှိသရေသာ ကျနေခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်စလို့ မိနစ်၆၀ကျော်လာချိန်ထိ တိုက်စစ်ပိုင်းကနေ သွင်းဂိုးရအောင် စွမ်းဆောင်နိုင်ခြင်းမရှိတာကြောင့် ၆၄မိနစ်မှာပဲ အင်တာမီလန်တို့ မာတီနက်ဇ်နေရာမှာ လူကာကူကို လဲလှယ်ခဲ့ပါတယ်။ လူကာကူဝင်လာပြီး ၁၀မိနစ်မပြည့်ခင်မှာပဲ သူရဲ့အနီးကပ်ချပေးမှုကနေ အဲရစ်ဆင်က အင်တာအတွက် အဖိုးတန်အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပါတယ်။ သွင်းဂိုးစတင်ရရှိပြီးနောက်မှာတော့ အင်တာက ပွဲကို ထိန်းသိမ်းကစားရင်းနဲ့ နာကျင်အချိန်ပိုမှာ အင်တာတို့ ပင်နယ်တီကန်ခွင့်ရရှိခဲ့လို့ လူကာကူက သွင်းယူခဲ့ပြီး ၂ဂိုးပြတ်နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။