တန်းဆင်းဇုန်နားတဝိုက်မှာ ရောက်ရှိလို့နေတဲ့အတွက် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ အစွမ်းကုန် စုဆောင်းနေရတဲ့ ဂျီနိုအာအသင်းနဲ့ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ရိုးမားနဲ့ သရေကျအောင် ကစားနိုင်ခဲ့တဲ့ အင်တာမီလန်အသင်းတို့ ဒီနေ့ညမှာ စီးရီးအေပွဲစဉ်(၃၆)အဖြစ် ရင်ဆိုင်တွေ့ဆုံခဲ့ပြီး အင်တာမီလန်အသင်းက (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Image

အင်တာမီလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ လူကာကူ မာတီနက်ဇ် အဲရစ်ဆင် မော့ဆက် ဂတ်လီယာဒီနီ ဘရိုဇိုဗစ် ဘီရာဂီ ဂိုဒင် ရှကရီညာ ရာနိုချီယာနဲ့ ဟန်ဒါနိုဗစ်တို့ ပါဝင်လာခဲ့ပါတယ်။ အဆင့်(၁၈)နေရာက လက်ချီအသင်းနဲ့ ရမှတ်ကွာဟမှုကို များနိုင်သလောက်များအောင်ဖြတ်တောက်ပြီး စီးရီးအေမှာ ဆက်လက်ကျန်ရစ်နိုင်အောင် ကြိုးစားနေခဲ့တဲ့ အိမ်ရှင်ဂျီနိုအာအသင်းဟာ ပွဲအစပိုင်းလောက်မှာ အင်တာဘက်ကို ထိုးဖောက်မှုတွေ ရှိခဲ့ပေမယ့်လည်း ပွဲချိန်ကြာလာနဲ့အမျှ အင်တာရဲ့ပွဲကိုစိုးမိုးကစားလာမှုတွေကြောင့် ခံစစ်မှာပဲ အချိန်ကုန်လာခဲ့ရတဲ့အပြင် (၃၄)မိနစ်မှာလည်း ဘီရာဂီရဲ့ဖြတ်တင်ပေးပို့မှုကနေ လူကာကူက အကောင်းဆုံး ခေါင်းတိုက်ပြီး အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးက ဒီရာသီမှာ လူကာကူအတွက် စီးရီးအေသွင်းဂိုး (၂၂)ဂိုးမြောက်လည်း ဖြစ်လာခဲ့ပါတယ်။

Photo Credit : Twitter

သွင်းဂိုးမြင်တွေ့ရမှုက နည်းပါနေခဲ့ပေမယ့် ဂျီနိုအာနဲ့ အင်တာအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတွေက အကြိတ်အနယ်နဲ့ ကြည့်ကောင်းနေခဲ့ပြီး ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံး အပြနအလှန်ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံးရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ တိကျခြင်း သိပ်မရှိလှပဲ ပွဲပြီးခါနီးလောက်မှသာ အမှတ်လိုနေတဲ့ ဂျီနိုအာက ပိုမိုဖိကစားလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးကိုတော့ ပွဲကိုဦးဆောင်နေတဲ့ အင်တာက ထပ်မံရရှိသွားပြီး လူစားဝင်လာခဲ့တဲ့ ဆန်းချက်ဇ်က ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးဆုံးခါနီးမှာလည်း လူကာကူကပဲ အင်တာအသင်းအတွက် တတိယဂိုးကို သူရဲ့တစ်ကိုယ်တော်စွမ်းရည်တွေကနေတဆင့် သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။