ဒီတစ်ပတ်ရဲ့ အီတလီစီးရီးအေပြိုင်ပွဲအတွင်းမှာ ဥရောပထိပ်သီးလိဂ် အမှတ်ပေးပြိုင်ပွဲတွေအတွင်းမှာပါ ပရိသတ်တွေအတွက် ရင်ခုန်စရာအကောင်းဆုံး ဘောလုံးပွဲကောင်းတစ်ခုဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့စီးရီးအေပွဲစဉ်(၂၃) မီလန်ဒါဘီပွဲစဉ်ကတော့ ရလဒ်အပြောင်းအလဲများနဲ့အတူ အိမ်ရှအင်တာအသင်းက ၄ဂိုး၂ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားရဲ့ပထမနေရာကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အင်တာဘက်မှာ ဂိုးသမားဟန်ဒါနိုဗစ်နဲ့ တိုက်စစ်မှူးမာတီနက်ဇ်တို့ ဒဏ်ရာပွဲပယ်ပြသာနာတွေနဲ့ ဒီပွဲကို လွဲချော်ခဲ့ရပြီး ယူနိုက်တက်တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ဆန်းချက်ဇ်နဲ့လူကာကူကို တိုက်စစ်မှာ တွဲဖက်အသုံးပြုခဲ့ကာ ကျန်တဲ့နေရာတွေမှာတော့ ယန်း ဘာရယ်လာ ကန်ဒရီဗာ ဒီဗာရစ်ချ် ဂိုဒင်တို့ကို အသုံးပြုလာခဲ့ပါတယ်။ အေစီမီလန်ကလည်း အဝေးကွင်းမှာ ခါးသီးပြိုင်ဘက်အသင်းကို အကောင်းဆုံးရင်ဆိုင်နိုင်အောင် မိုဗစ် ရီဘစ် ချာဟာနိုဂလူး ကတ်ဆေးတို့လို အမာခံကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံး ဂိုးကန်ချက်အခွင့်အရေးတွေကို အကြိမ်ရေ အတူတူ ရခဲ့တယ်ဆိုပေမယ့် အေစီမီလန်က အင်တာဘက်ကို ပထမပိုင်း ပွဲချိန်အများစုမှာ ဖိအားပေးနိုင်ခဲ့ပြီး အင်တာကတော့ အခွင့်အရေးတစ်ချက်ချက် ထရမှသာ အေစီဂိုးပေါက်ကို ခြိမ်းခြောက်ရတာဖြစ်ပါတယ်။ အေစီအတွက် အဖွင့်ဂိုးကို မိနစ်၄၀မှာ ရီဘစ်က သွင်းယူခဲ့တာဖြစ်ပြီး ပထမပိုင်း နာကျင်အချိန်ပိုမှာလည်း ရီဘစ်ရဲ့ဂိုးမှာ ဖန်တီးပေးခဲ့တဲ့ အီဗရာဟီမိုဗစ်က ထောင့်ကန်ကောကနေ ခေါင်းတိုက်ကာ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း အေစီမီလန်ကပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဆက်လက်ဖိအားပေးနို်င်ခဲ့ပေမယ့်လည်း ၅၁မိနစ်မှာ ဘရိုဇိုဗစ်ရဲ့အဝေးကန်ချက်နဲ့ မထင်မှတ်ပဲ အင်တာတို့ ချေပဂိုးပြန်လည်ပိုင်ဆိုင်ခဲ့ပြီး ၂မိနစ်အကြာမှာလည်း ဆန်းချက်ဇ်ရဲ့ဖန်တီးမှုကနေတစ်ဆင့် ဗယ်စီနိုက ဒုတိယမြောက် ချေပဂိုးကို ဆက်တိုက်ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ၂ဂိုးဆက်တိုက် သွင်းယူခဲ့ပြီးနောက်မှာ အင်တာတို့ စိတ်ဓါတ်တွေ ပိုမိုတတ်ကြွလာခဲ့ပြီး မိနစ်ရ၀မှာလည်း နောက်ခံလူဒယ်ဗရစ်ချ်က အင်တာအတွက် ဦးဆောင်ခွင့်ရစေမယ့် သွင်းဂိုးကိုပါ ထပ်မံရယူပေးခဲ့ပါတယ်။ ပထမပိုင်းမှာ ပုံစံကောင်းပြနိုင်ခဲ့တဲ့ အေစီမီလန်လည်း ဒုတိယပိုင်းမှာ ဘာမှကို မလုပ်ဆောင်ပြနိုင်တော့ပဲ ပွဲပြီးခါနီး မိုဗစ်ရဲ့ခေါင်းတိုက်ချက်မှာလည်း ဂိုးတိုင်ထိခဲ့လို့ နစ်နာခဲ့ရပါတယ်။ နာကျင်အချိန်ပိုမှာ လူကာကူက မိုဆက်စ်ရဲ့ဖြတ်တင်ဘောကနေတစ်ဆင့် အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူခဲ့ပြီး ပြတ်ပြတ်သားသားနဲ့ နိုင်ပွဲရယူခဲ့ပါတယ်။