အီတလီ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်အသင်း ကတော့ အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး လူကာကူရဲ့နေရာ အတွက် အစားထိုးခေါ်ယူမှု အဖြစ် ရိုးမားအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဒီဇီကိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းကို အီတလီ စီးရီးအေ ချန်ပီယံဆု ရရှိအောင် အဓိက ကူညီပေးခဲ့တဲ့ အဓိက တိုက်စစ်မှူး လူကာကူကို ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ရောင်းချဖို့ သဘောတူထားပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ အင်တာမီလန်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မာတီနက်ဇ်နဲ့ တွဲဖက်ကာ ကစားနိုင်မယ့် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပြီး ရိုးမားအသင်းရဲ့ အဓိက တိုက်စစ်မှူး ဒီဇီကိုကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် ဘော့စနီးယား တိုက်စစ်မှူး ဒီဇီကိုဟာ မန်ချက်စတာ စီးတီးအသင်း ကနေ ရိုးမားအသင်းထံ ပြောင်းရွှေ့လာပြီးနောက် စီးရီးအေပြိုင်ပွဲရဲ့ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သက်သေပြထားနိုင်သူ ဖြစ်ပြီး ရိုးမားအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိသူလည်း ဖြစ်ပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ အင်တာမီလန်အသင်းဟာ ဒီဇီကိုကို ၂နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့သလို ဒီဇီကိုရဲ့ ပြောင်းရွှေ့ကြေး အတွက် ရိုးမားအသင်းနဲ့ သဘောတူညီမှု ရရှိထားပြီး ရိုးမားအသင်းက ဒီဇီကိုရဲ့ နေရာအတွက် အစားထိုး တိုက်စစ်မှူး တဦးကို ရှာဖွေနိုင်တာနဲ့ ဒီဇီကိုဟာ အင်တာမီလန်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာမယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ရိုးမားအသင်းဟာ ဒီဇီကိုရဲ့နေရာ အတွက် အစားထိုးမှုအဖြစ် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အိုင်ကာဒီကို တရာသီအငှားနဲ့ ခေါ်ယူဖို့ မျက်စိကျနေပြီး တိုရီနိုတိုက်စစ်မှူး ဘယ်လော့တီကလည်း သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တဦးပဲ ဖြစ်ပါတယ်။