MySport Myanmar

လူကာကူကို အငှားနဲ့ ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ သဘောတူညီမှု ရရှိသွားတဲ့ အင်တာ

အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်က သူတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ရိုမီလု လူကာကူကို ချယ်လ်ဆီးကနေ တရာသီ အငှားနဲ့ ပြန်လည် ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူက အင်တာမီလန်ကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ စီးရီးအေ ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ချယ်လ်ဆီးနဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Euro Sports

ချယ်လ်ဆီးရဲ့ သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား အဖြစ် စံချိန်တင်ခဲ့ပေမယ့် လူကာကူက ချယ်လ်ဆီးမှာတော့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့ခြင်း မရှိသလို အသင်းနည်းပြ တူဟယ်လ်နဲ့လည်း ဆက်ဆံရေး မပြေလည်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ သူ့ရဲ့ အသင်းဟောင်း အင်တာမီလန်ထံ ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။

ချယ်လ်ဆီးကလည်း အသင်းရဲ့ ကစားကွက်နဲ့ အံမဝင်တဲ့ လူကာကူကို ပြန်လည် ရောင်းထုတ်ချင်ခဲ့ပေမယ့် လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ မရှိတာကြောင့် အင်တာမီလန်ရဲ့ လူကာကူကို တရာသီအငှားနဲ့ ခေါ်ယူမယ့် ကမ်းလှမ်းမှုအား လက်ခံခဲ့ရပါတယ်။

Photo Credit: Euro Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်က လူကာကူကို တရာသီအငှားနဲ့ ခေါ်ယူဖို့ အတွက် ချယ်လ်ဆီးနဲ့ သဘောတူညီမှု ရရှိသွားပြီး အင်တာမီလန်က လူကာကူအတွက် အငှားကြေး ယူရို ၈သန်း + အပိုဆုကြေးတွေ ပေးချေရဖို့ ရှိနေသလို လူကာကူကလည်း အင်တာမီလန်ထံ ပြောင်းရွှေ့ရဖို့ အတွက် လုပ်ခလစာ ၃ပုံ ၁ပုံ အထိ လျှော့ယူခဲ့ရကြောင်း သိရပါတယ်။

လူကာကူက လက်ရှိ ချယ်လ်ဆီးမှာ တနှစ် လုပ်ခလစာ ယူရို ၁၂သန်း အထိ ရရှိနေသူ ဖြစ်တာကြောင့် အင်တာမီလန်ဆီ ပြောင်းရွှေ့ခဲ့ချိန်မှာ တနှစ် လုပ်ခလစာ ယူရို ၈သန်းသာ ရရှိတော့မှာ ဖြစ်ပြီး လူကာကူဟာ မကြာခင်မှာပဲ မီလန်မြို့ဆီ လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့လည်း အင်တာမီလန်နဲ့ နီးစပ်သူတွေက အတည်ပြုထားကြပါတယ်။

Exit mobile version