မေဂျာလိဂ် ကလပ်အသင်း အင်တာ မိုင်ယာမီဟာ လီယွန်နယ် မက်ဆီရဲ့ နောက်ထပ် အသင်းဖော်ဟောင်း တစ်ဦးဖြစ်တဲ့ ဖီလစ်ပီ ကော်တင်ဟိုကိုပါ ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အင်တာ မိုင်ယာမီအသင်းက မနှစ်က ဘောလုံးရာသီကတည်းက မက်ဆီ ဘူးစကွက်စ် နဲ့ အယ်လ်ဘာတို့လို ဘာစီလိုနာ ကစားသမားဟောင်းကြီးတွေကို ခေါ်ယူဖြည့်တင်းခဲ့ပြီး အခု စျေးကွက်ထဲမှာလည်း နောက်ထပ် ဘာစီလိုနာ ကစားသမားဟောင်းကြီး လူးဝစ် ဆွာရက်ဇ်ကိုပါ ထပ်မံ ခေါ်ယူထားခဲ့ပြန်ပါတယ်။

Photo Credit : Inter Miami News

အခုလည်း မိုင်ယာမီအသင်းက လက်ရှိ ဘာစီလိုနာအသင်းမှာ ပါဝင်ကစားနေတဲ့ ဆာဂျီ ရောဘတ်တိုအပြင် ဘာစီလိုနာမှာ ပါဝင် ကစားခဲ့ဖူးတဲ့ ကော်တင်ဟိုကိုပါ ခေါ်ယူဖို့အထိ ကြိုးပမ်းလာခဲ့ပါတယ်။ အသက် (၃၁)နှစ်အရွယ် ဘရာဇီးလ် တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ လက်ရှိမှာတော့ ကာတာကလပ် အယ်လ်ဒူဟေးအသင်းမှာ အငှားနဲ့ ပါဝင်ကစားနေပါတယ်။

အင်တာမီလန်မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ကော်တင်ဟိုဟာ ၂၀၁၈မှာတော့ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး မက်ဆီနဲ့လည်း (၃)နှစ်နီးပါးလောာက်အထိ တွဲဖက် ကစားခဲ့ရပါတယ်။ လက်ရှိမှာ ကော်တင်ဟိုက အက်စတွန် ဗီလာ ကစားသမား ဖြစ်နေပေမယ့် အယ်လ်ဒူဟေးကို အငှားနဲ့ သွားရောက် ကစားနေရသလို သူရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်နေရပါတယ်။

Photo Credit : Essentially Sports

ဒီလို အခြေအနေဖြစ်နေတဲ့ ကော်တင်ဟိုကို အင်တာ မိုင်ယာမီအသင်းက မေဂျာလိဂ် ဘောလုံးရာသီသစ် မစတင်ခင်မှာပဲ အသင်းဆီ အရ ခေါ်ဆောင်သွားချင်နေပြီး ကော်တင်ဟို အနေနဲ့ကလည်း မက်ဆီ ဆွာရက်ဇ်တို့လို အသင်းဖော်ဟောင်းတွေရှိရာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့လာဖို့ အသေအချာ စဥ်းစားဖွယ် ရှိနေပါတယ်။

အင်တာ မိုင်ယာမီအသင်းဟာ မက်ဆီရဲ့လက်ရွေးစင် အသင်းဖော်ဟောင်းဖြစ်သူ မားကို့စ် ရိုဟိုကိုလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားခဲ့ပေမယ့်လည်း ရိုဟိုကတော့ ဘိုကာဂျူနီယာမှာပဲ ဆက်လက် ကစားလိုတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် အခု ကော်တင်ဟိုကို ကမ်းလှမ်းမှုမှာတော့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပြီး မက်ဆီ ဆွာရက်ဇ်နဲ့ ကော်တင်ဟိုတို့ရဲ့ တိုက်စစ် အတွဲအဖက်ကို မြင်တွေ့လာရနိုင်ပါတယ်။