MySport Myanmar

ရော်နယ်လ်ဒိုကို အင်တာမိုင်ယာမီအသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဒေးဗစ်ဘက်ခမ်း

အင်္ဂလန်ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းက သူ ပူးတွဲပိုင်ဆိုင်ထားတဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဆီ ကမ္ဘာ့ထိပ်သီး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ခေါ်ဆောင်သွားချင်နေပြီး အေးဂျင့်တွေနဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Mail

GOAT ကြီး ရော်နယ်လ်ဒိုဟာ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ သူရဲ့လက်ရှိကလပ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အသင်းတာဝန်ရှိသူ ဘုတ်အဖွဲ့ဝင်တွေ အပါအဝင် အသင်းနည်းပြတန်ဟက်ဂ် အသင်းဖော်ဟောင်း ရူနီတို့ရဲ့အကြောင်းတွေကို အပီအပြင် ချပြ ပြောဆိုလာခဲ့ရင်း သူရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ် အခြေအနေက လုံးဝ ဝေဝါးသွားခဲ့ရသလို လာမယ့် ဆောင်းရာသီမှာပဲ အသင်းအပြောင်းအလဲ ဖြစ်သွားနိုင်ဖွယ်လည်း ရှိနေရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဘက်ခမ်းက သူရဲ့ အင်တာမိုင်ယာမီအသင်းဆီ ရော်နယ်လ်ဒိုကို ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားလာခဲ့ပြီး အေးဂျင့်တွေနဲ့ပါ ချိတ်ဆက်လာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

The Sun သတင်းစာရဲ့ ဖော်ပြချက်တွေအရ အင်တာမိုင်ယာမီပိုင်ရှင် ဘက်ခမ်းက ရော်နယ်လ်ဒိုရဲ့ အေးဂျင့်တွေ ဆက်သွယ်ထားခဲ့သလို ရော်နယ်လ်ဒိုကိုယ်တိုင်ကပါ မိုင်ယာမီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဘက်ခမ်းဟာ ယခင်ကတည်းက ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်တဲ့ မက်ဆီကို သူရဲ့အသင်းဆီ ခေါ်ဆောင်ဖို့အထိ ကြိုးပမ်းခဲ့ဖူးသေးပြီး အခုလည်း ရော်နယ်လ်ဒိုလို ထိပ်တန်း စူပါစတား ကစားသမားကြီးတစ်ယောက်ကိုပါ ထပ်မံ ကြိုးပမ်းသွားချင်တာ ဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်လ်ဒိုကို အင်တာမိုင်ယာမီအသင်းသာမကပဲ နောက်ထပ် မေဂျာလိဂ်အသင်းတွေဖြစ်တဲ့ LAဂလက်ဆီနဲ့ LAFC အသင်းတွေကပါ အပြိုင် စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဘက်ခမ်းဟာ ရော်နယ်လ်ဒိုအပြင် မက်ဆီကိုလည်း လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ပါ လုပ်ဆောင်ဖွယ် ရှိနေပြီး မက်ဆီ-ရော်နယ်လ်ဒို အတွဲအဖက်ကို အသင်းတစ်သင်းမှာ တွဲဖက်ကစားစေတာမျိုးကို လုပ်ဆောင်သွားချင်နေပါတယ်။ မက်ဆီဟာလည်း လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခါနီးနေပြီဖြစ်ပြီး သက်တမ်းတိုးဖို့ကိုလည်း ကမ္ဘာ့ဖလားအပြီးမှသာ သူရဲ့စာချုပ်ကိစ္စကို စဉ်းစားဖွယ် ရှိနေပါတယ်။

Exit mobile version