တစ်ချိန်က ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာ လီယွန်နယ် မက်ဆီ ၊ လူးဝစ် ဆွာရက်ဇ်နဲ့ နေမာတို့ (၃)ဦးလုံးရဲ့ MSN Attacking Trio တိုက်စစ်အတွဲအဖက်ဟာ အတော်လေးကို အောင်မြင်နိုင်ခဲ့တဲ့ တိုက်စစ်အစုအဖွဲ့ ဖြစ်ခဲ့ပြီး မကြာခင်မှာလည်း MSN အတွဲကို အင်တာ မိုင်ယာမီအသင်းမှာပါ ပြန်လည် မြင်တွေ့ရဖွယ် ရှိနေပါတယ်။

အင်တာ မိုင်ယာမီအသင်းဟာ ဟီဂွာအင် မာတွီဒီ ရှော့ခရော့တို့လို နာမည်ကျော် ကစားသမားတွေကို ခေါ်ယူအပြီး ၂၀၂၃မှာတော့ မက်ဆီလို တကယ့် ဒိတ်ဒိတ်ကြဲ ထိပ်တန်း စူပါစတား ကစားသမားကြီးကို ခေါ်ယူနိုင်ခဲ့သလို အဲ့ဒီနောက်မှာလည်း ဆွာရက်ဇ် အယ်လ်ဘာ ဘူးစကွက်စ်တို့လို မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေကိုပါ ဆက်တိုက် ခေါ်ယူဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

မိုင်ယာမီက မက်ဆီ အယ်လ်ဘာ ဘူးစကွက်စ်တို့ကို ခေါ်ယူအပြီးမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးသော ဆုဖလားအဖြစ် Leagues Cup ဖလားကို ပိုင်ဆိုင်ခဲ့သလို ဆွာရက်ဇ်ကိုပါ ခေါ်ယူဖြည့်တင်းလိုက်ချိန်မှာလည်း 2024 Supporters’ Shield ဆုဖလားကိုပါ ထပ်မံ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။

အခုလည်း မိုင်ယာမီဟာ မက်ဆီ ဆွာရက်ဇ်တို့ရဲ့ အသင်းဖော်ဟောင်းဖြစ်သူ ဘရာဇီးလ် စူပါစတား နေမာကိုပါ ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေပြန်ပြီး ဒီအကြောင်းကို မိုင်ယာမီရဲ့ ပူးတွဲပိုင်ရှင် ဂျော့ မက်စ်က ပြောဆိုလာပါတယ်။ “အဓိက ပြောချင်တာကတော့ နေမာသာ ခေါ်ယူလို့ ရနိုင်မယ့် အခြေအနေမျိုး ရှိနေဖို့ပါပဲ။”

Photo Credit : ESPN

“အခု သူက အယ်လ်ဟီလာအသင်းရဲ့ ကစားသမား ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့မှာ သူ့ကို ခေါ်ယူဖို့ မဖြစ်သေးပါဘူး။ ထိပ်တန်း ကစားသမားတွေကို အသင်းဆီ ခေါ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုတာကို ကျွန်တော် အမြဲတမ်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့မှာ ကစားသမား စာရင်းသွင်းတာနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ရှိနေတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့ရဲ့အသုံးစရိတ်က အကန့်အသတ်ကို မရှိတာပါ။”

“နေမာလို ကစားသမားမျိုးကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ဒါကို တွန်ဆုတ်နေမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့အပေါ်မှာပဲ မူတည်တာ မဟုတ်ဘဲနဲ့ ကစားသမားကိုယ်တိုင်နဲ့ လိဂ်အပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအသင်းကို ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့ တည်ဆောက်သွားဖို့ ဆန္ဒရှိပါတယ်။” လို့ ဂျော့ မက်စ်က ဆိုသွားခဲ့ပါတယ်။