MySport Myanmar

ချယ်လ်ဆီးပစ်မှတ် ဘရီမာကို ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ အင်တာ

အီတလီစီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ တိုရီနိုနောက်ခံလူ ဂလယ်ဆွန်ဘရီမာကို ခေါ်ယူသွားဖို့အတွက် တိုရီနိုအသင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အင်တာမီလန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးရီးအေရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး နောက်ခံလူအဖြစ် ရွေးချယ်သတ်မှတ်ခံခဲ့ရသူ ဘရီမာကို အရခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

Photo Credit : Mirror

နွေဈေးကွက်အတွင်း အသင်းရဲ့ ဆလိုဗက်ကီးယား နောက်ခံကစားသမား မီလန်ရှကရီညာကို ပီအက်စ်ဂျီအသင်းဆီ လက်လွတ်သွားရဖွယ် ရှိနေတဲ့ အင်တာအသင်းက ရှကရီညာနေရာအတွက် တိုရီနိုက ဘရီမာနဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ဘရာဇီးလ် နောက်ခံလူ ဘရီမာကို ခေါ်ယူနိုင်ဖို့ အင်တာမီလန်ရဲ့ အားကစားဒါရိုက်တာရယ် တိုရီနိုနည်းပြဖြစ်သူရယ် ဘရီမာရယ် အေးဂျင့်ဖြစ်သူရယ်တို့ တွေ့ဆုံနေကြပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် စေ့စပ်ဆွေးနွေးနေသလို တိုရီနိုဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)အထိကို တောင်းဆိုထားပါတယ်။

Photo Credit : TEAMtalk

အသက်(၂၅)နှစ်အရွယ်ရှိ ဗဟိုနောက်ခံကစားသမား ဘရီမာဟာ သူရဲ့စီနီယာ ကစားသမားဘဝကို ဘရာဇီးလ်ကလပ် အသက်လက်တီကိုမင်နဲရိုးမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာ စီးရီးအေကလပ် တိုရီနိုအသင်းက ဘရီမာကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ တိုရီနိုအသင်းဟာ ဘရီမာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး နောက်ခံလူဆုပါ ရရှိထားခဲ့တာကြောင့် သူရဲ့တန်ကြေးက အနည်းဆုံး ယူရို(၃၅)သန်းအထိကို တန်ကြေးရှိနေရပါတယ်။ ခံစစ်မှူးတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ physical မျိုးကို ပိုင်ဆိုင်ထားတဲ့ ဘရီမာဟာ အမြင့်ဘောတွေ ရှင်းထုတ်ပုံနဲ့ ခံစစ်မှာ နေရာယူပုံတွေပါ ကောင်းမွန်တဲ့အပြင် အမြန်နှုန်းလည်း ကောင်းမွန်သူဖြစ်လို့ သူ့ကို အင်တာအပါအဝင် စီးရီးအေကလပ်တွေက ခေါ်ယူချင်နေကြသလို ချယ်လ်ဆီး အာဆင်နယ် စပါးတို့လို ပရီးမီးယားလိဂ်အသင်းတွေကပါ အလိုရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဘရီမာကိုယ်တိုင်ကတော့ အင်တာအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ဆင်နွဲဖို့သာ ဆန္ဒရှိနေတာကြောင့် အင်တာကိုပဲ ဦးစားပေး ရွေးချယ်ဖွယ် ရှိနေပါတယ်။

Exit mobile version