MySport Myanmar

မန်ယူနဲ့ အာဆင်နယ်ပစ်မှတ် ပါဗတ်ကို ယူရို ၂၅သန်းနဲ့ စတင် ကမ်းလှမ်းခဲ့တဲ့ အင်တာ

စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နောက်ခံလူ တဦး ဖြစ်သူ ဘန်ဂျမင် ပါဗတ်ကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ စတင် ကမ်းလှမ်းလိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဒုတိယဆုကို ရရှိခဲ့တဲ့ အင်တာမီလန်က ယခု နွေဈေးကွက်အတွင်းမှာ ကစားသမား ရောင်းချမှုကနေ ငွေကြေးများစွာ ရှာဖွေထားနိုင်တဲ့ အသင်း ဖြစ်ပြီး အင်တာမီလန်က အိုနာနာ ၊ ဘရိုဇိုဗစ် ၊ ပီနာမွန်တီ ၊ ဂိုဆန် ၊ မူလက်တီရီ စတဲ့ ကစားသမားတွေကို ရောင်းချမှု ကနေ စုစုပေါင်း ယူရို ၁၁၀သန်း အထိ ရရှိထားပါတယ်။

Photo Credit: Standard

ကစားသမားရောင်းချမှု ကနေ ယူရို ၁၁၀သန်းကျော် ရှာဖွေထားနိုင်တာကြောင့် အင်တာမီလန်နည်းပြချုပ် အင်ဇာဂီက လက်ကျန် နွေဈေးကွက်အတွင်းမှာ အရည်အသွေးမြင့် နောက်ခံလူ တဦးနဲ့ တိုက်စစ်မှူး တဦးတို့ကို ခေါ်ပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားပါတယ်။

တဖက်မှာတော့ အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ခံစစ်မှူး ပါဗတ်က ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ပါဗတ်ကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် ဒီနွေဈေးကွက်မှာပဲ အသင်းပြောင်းချင်နေပါတယ်။

Photo Credit: Sky Sports

ပါဗတ်က ဗဟိုနောက်ခံနဲ့ ညာနောက်ခံ နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်တာကြောင့် အင်တာမီလန် အပါအဝင် မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် စတဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေက ပါဗတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်က ယနေ့မနက် အစောပိုင်းမှာပဲ ပါဗတ်ကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပြီး ဘိုင်ယန်မြူးနစ်ဘက်က စွယ်စုံရ နောက်ခံလူ ပါဗတ်ကို ရောင်းချဖို့ ငြင်းဆန်နေပေမယ့် ပါဗတ်ကတော့ အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။

Exit mobile version