မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံကစားသမား အဲလက်စ်တဲလက်စ်ဟာ ယူနိုက်တက်ကစားသမားမဖြစ်ခင် တူရကီကလပ် ဂါလာတာစာရေးအသင်းမှာ ပါဝင်နေစဉ်တုန်းက စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းမှာ တစ်ရာသီ အငှားစာချုပ်နဲ့ လာရောက်ကစားခဲ့ဖူးပြီး အသင်းအတွက် အထိုက်အလျောက် ပါဝင်ကစားခွင့် ရရှိခဲ့သလို လက်ရှိအချိန်မှာလည်း အင်တာအသင်းက တဲလက်စ်ကို ထပ်မံပြီး အငှားနဲ့ ခေါ်ယူချင်နေတယ်လို့ ဒီမာဇီယိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၂၈)နှစ်အရွှယ် ဘရာဇီးဘယ်နောက်ခံကစားသမား အဲလက်စ်တဲလက်စ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ ပေါ်တိုအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တကယ့်ကို အရည်အသွေးကောင်းလာတဲ့ နောက်ခံအစွန်လူတစ်ယောက် ဖြစ်ပေမယ့်လည်း ယူနိုက်တက်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသလို ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ပွဲပေါင်း(၉)ပွဲလောက်သာ ပါဝင်ကစားခဲ့ရပါတယ်။ တဲလက်စ်ဟာ ယူနိုက်တက်အသင်းမှာ နေရာတစ်နေရာရဖို့ ခက်ခဲနေခဲ့ရပြီး သူရောက်လာချိန်မှာပဲ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောက ယခင်ထက်ကို ပိုမိုခြေစွမ်းပြလာခဲ့တဲ့အတွက် တဲလက်စ်ရဲ့အခန်းကဏ္ဍာက ပိုမိုမှေးမှိန်သွားခဲ့ရပါတယ်။

Photo Credit : Sempreinter

ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ တဲလက်စ်ကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ ယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားကြနေပြီး အင်တာကတော့ တဲလက်စ်ကို သူတို့အသင်းရဲ့ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် အဓိကပစ်မှတ်ထားနေတာလို့ သိရှိရပါတယ်။ တဲလက်စ်အနေနဲ့ကတော့ လက်ရှိမှာ ယူနိုက်တက်အသင်းနဲ့အတူ ရာသီကြိုပြင်ဆင်မှုတွေ လိုက်ပါဆောင်ရွှက်လျက် ရှိနေပေမယ့်လည်း သူရဲ့နေရာတူ အသင်းဖော် လုခ်ရှောက ဒီနောက်ပိုင်းမှာ အရမ်းကို ခြေစွမ်းပြနေတာဖြစ်လို့ သူ့အတွက် ပွဲထွက်ကစားခွင့်တွေ မရေမရာ ဖြစ်လာနိုင်ပါတယ်။ ယူနိုက်တက်ဘက်ကတော့ အရန်အင်အား တောင့်တင်းနေစေဖို့အတွက် တဲလက်စ်ကို အသင်းကနေ လက်မလွတ်ချင်ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့အတူ ဝင်ရောက်ဆင်နွဲခွင့်ရဖို့အတွက် ကလပ်အသင်းမှာ ပုံမှန်နေရာတစ်နေရာ ရရှိဖို့ လိုအပ်နေတာကြောင့် တဲလက်စ်အနေနဲ့ ယူနိုက်တက်ကနေ အပြီးသတ် မဟုတ်ရင်တောင် အငှားစာချုပ်နဲ့တော့ ထွက်ခွာသွားဖွယ် ရှိလာနိုင်ပါတယ်။