စီးရီးအေရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ အင်တာမီလန်အသင်းဟာ မန်ယူအသင်း ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တောင်ပံတိုက်စစ် ကစားသမား အလက်စစ် ဆန်းချက်ကို အသင်းမှာ ထပ်မံ ရှိနေစေဖို့အတွက် ကြိုးစားနေပြီ ဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်း ကနေ မန်ယူအသင်းထံကို ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဆန်းချက်ဟာ မန်ယူအသင်းမှာတော့ ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိခဲ့သလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့တာကြောင့် ပွဲထွက်ခွင့် မရရှိတော့ပဲ လက်ရှိ ဘောလုံးရာသီ အစမှာ အင်တာမီလန်အသင်း ထံကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Calciomercato

ဆန်းချက်ဟာ အင်တာမီလန်အသင်းနဲ့ ပထမဦးဆုံး ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ အချိန်မှာပဲ အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ပြင်းထန်လှတဲ့ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရပြီး မကြာသေးမီကမှ အင်တာမီလန်အတွက် ပြန်လည် ကစားပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန် မှာတော့ ဆန်းချက်ဟာ အင်တာမီလန်အသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး အသင်းအတွက် စီးရီးအေပွဲစဉ် ၁၅ပွဲ ပါဝင် ကစားထားရာမှာ ၂ဂိုး သွင်းယူထားနိုင်ခဲ့ကာ ၄ဂိုးအထိ ဖန်တီးပေးနိုင် ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ အင်တာမီလန်အသင်း ဟာ ဆန်းချက်ကို လာမယ့်ရာသီမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့အတွက် ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Calciomercato

စီးရီးအေရဲ့ နာမည်ကြီးသတင်းဌာနတစ်ခု ဖြစ်တဲ့ Calciomercato ရဲ့ ဖော်ပြချက် အရ ဆန်းချက်ကို နောက်ထပ် တစ်ရာသီ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် အင်တာမီလန် အသင်းဟာ မန်ယူအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပြီး ဆွေးနွေးမှုတွေဟာ တိုးတက်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။ အင်တာမီလန်အသင်းဟာ လက်ရှိမှာ ဆန်းချက်ရဲ့ လုပ်ခလစာဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင်၃သိန်းခွဲအနက် ၁သိန်းကို ပေးချေနေရတဲ့ အသင်းဖြစ်ပြီး လာမယ့် ဘောလုံးရာသီမှာ ဆန်းချက်ကို အငှားနဲ့ ထပ်မံ ခေါ်ယူချင်ပါက လုပ်ခ လစာရဲ့ တစ်ဝက်တိတိ ပမာဏကို ပေးချေပေးရဖွယ် ရှိနေပါတယ်။ ဥရောပ အပြောင်းအရွှေ့ သုံးသပ်သူတွေ ကတော့ ဆန်းချက်ဟာ လာမယ့် ဘောလုံးရာသီမှာလည်း အင်တာမီလန်အသင်း ထံမှာသာ ဆက်လက် ရှိနေလိမ့်မယ်လို့ သုံးသပ် ထားကြပါတယ်။