အင်တာမီလန်အသင်းရဲ့နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီကတော့ စီးရီးအေမှာ ပြန်လည်တာဝန်ယူရတဲ့ အချိန်ကနေစတင်ပြီး သူတစ်ခါ ကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲက ကစားသမားတွေကို အင်တာအသင်းဆီ ခေါ်ဆောင်လာခဲ့ရာ အခုလည်း နောက်ထပ်ပရီးမီးယားလိဂ် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ အာဆင်နယ်ညာနောက်ခံလူ ဟက်တာဘယ်လာရင်ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလို့နေပြီး နွေစျေးကွက်ရဲ့အဓိကပစ်မှတ်ဖြစ် သတ်မှတ်ထားတယ်လို့ Mirror သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Arsenal

နည်းပြကွန်တီက အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီးနောက်မှာ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ လူကာကူ ဆန်းချက်ဇ် အဲရစ်ဆင် မော့ဆက်နဲ့ အက်ရှ်လေယန်းတို့ကို ခေါ်ယူဖြစ်ခဲ့ရာ အခုလည်း အာဆင်နယ်အသင်းရဲ့ နောက်ခံအစွန်လူ ဘယ်လာရင်ကိုပါ ထပ်မံခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။ ဘယ်လာရင်ဟာ အာဆင်နယ်အသင်းနဲ့ လာမယ့် ၂၀၂၃ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အာဆင်နယ်ဘက်ကနေ ဘယ်လာရင်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားခဲ့ရာ ဘယ်လာရင်ဘက်ကတော့ လောလောဆယ်မှာ သက်တမ်းတိုးဖို့ကို အလျင်စလို လုပ်စရာမလိုသေးဘူးလို့ တုန့်ပြန်ပြောဆိုလို့ထားပါတယ်။

Photo Credit : Sempreinter

ဒီလို အခြေအနေရှိလို့နေတဲ့ ဘယ်လာရင်ကို စီးရီးအေထိပ်သီးကလပ် အင်တာကနေ ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့ရာ လာမယ့်နွေစျေးကွက်အတွင်း ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖွယ်ရှိနေပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ညာနောက်ခံလူ ဘယ်လာရင်ဟာ ဒီရာသီမှာ သူရဲ့ဒူးဒဏ်ရာကြောင့် ရက်ပိုင်းများစွာ အနားယူခဲ့ရာကနေ ဒဏ်ရာပြန်လည်သက်သာလာပြီးနောက် အာဆင်နယ်အတွက် ပြန်လည်ကစားပေးလာနိုင်ခဲ့ပါတယ်။ ဘယ်လာရင်ဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၁ခုနှစ်ကမှ ဘာစီလိုနာလူငယ်အသင်းကနေ အာဆင်နယ်ဆီ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဝက်ဖိုဒ့်အသင်းမှာပါ အငှားနဲ့ သွားရောက်ကစားခဲ့ဖူးတဲ့ ဘယ်လာရင်ဟာ ၂၀၁၄ခုနှစ်ကနေစတင်ပြီး အာဆင်နယ်စီနီယာအသင်းမှာ ပါဝင်ကစားလာခဲ့ရာ လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၁၅၁)ပွဲအထိ ကစားထားခဲ့ရာ အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ထားခံရပါတယ်။