စီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူကို ကလပ်အသင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပေမယ့် လူကာကူက အသင်းရဲ့ ရောင်းကုန်မဟုတ်ကြောင်း အင်တာအသင်းရဲ့ CEO ဖြစ်သူ မာရော့တာက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် လူကာကူရဲ့အသင်းဖော်ဖြစ်သူ တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကိုတော့ ထိုက်သင့်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့ Sempreinter ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bein Sports

တကယ်တော့ အင်တာမီလန်အသင်းဟာ အသက်(၂၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ကို အသင်းနဲ့ နှစ်ရှည်သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားဖို့ လုပ်ဆောင်နေတာ ဖြစ်ပေမယ့်လည်း မာတီနက်ဇ်ကို ခေါ်ယူချင်နေတဲ့ ကလပ်တစ်သင်းသင်းအနေနဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၇၀)ဝန်းကျင်နဲ့သာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် အသင်းဘက်ကနေ သူတို့ကစားသမားကို သေချာပေါက် လက်လွတ်သွားလိမ့်မယ်လို့ အီတလီမီဒီယာကတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

အင်တာမီလန်အသင်းဆီကို ၂၀၁၈ခုနှစ်ကတည်းက အာဂျင်တီးနားကနေ ရောက်ရှိလာခဲ့တဲ့ မာတီနက်ဇ်ဟာ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူနဲ့တွဲဖက်ပြီး အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာလည်း အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အင်တာမီလန်အသင်းနဲ့ (၃)ရာသီအထိ ဖြတ်သန်းခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၇၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား မာတီနက်ဇ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ စိတ်ဝင်စားလျက်ရှိနေပြီး လတ်တလောမှာတော့ တိုက်စစ်ပိုင်းအတွက် မဖြစ်မနေ ကစားသမားသစ်တွေ လိုအပ်လို့နေတဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတွေက မာတီနက်ဇ်ကို ခေါ်ယူဖို့ ပိုမိုပစ်မှတ်ထားလို့နေပါတယ်။ ဒီလို ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ မာတီနက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိလို့နေတာဖြစ်ပြီး အသင်းဘက်ကနေ သက်တမ်းတိုးဖို့ လုပ်ဆောင်လျက်ရှိနေပေမယ့် ကစားသမားကို ခေါ်ယူချင်တဲ့ ကလပ်အသင်း တစ်သင်းသင်းကနေသာ ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ အင်တာမီလန်ဘက်ကနေ ဒီကမ်းလှမ်းကို လက်သင့်ခံသွားမှာဖြစ်သလို ကစားသမားလည်း အသင်းပြောင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။