ဥရောပမှာ ကစားသမားကောင်းတွေကို အစဉ်တစိုက် မွေးထုတ်ပေးတတ်တဲ့အသင်းတွေ များစွာကိုရှိတတ်ပါတယ်။ တချို့အသင်းတွေဆိုရင် ဒီလိုကစားသမားကောင်းတွေကို မွေးထုတ်ပြီး အသင်းမှာလည်း ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိလို့ အခြားသောအသင်းကြီးတွေကို ရောင်းထုတ်ရင်းရောင်းထုတ်ရင်းနဲ့ အသင်းကြီးတွေအတွက် ထုတ်ကုန်တစ်ခုလို ဖြစ်လာခဲ့ရပါတယ်။ အခုလည်း ကစားသမားကောင်းတွေ မွေးထုတ်နေလျက်ရှိတဲ့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ လူငယ်ကစားသမားလေး ဆာဘော့ဇ်လိုင်းကို အီတလီစီးရီးအေ ထိပ်သီးအသင်းတွေကနေ အပြိုင်အဆိုင် ပစ်မှတ်ထားလျက်ရှိနေတာကြောင့် လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်ရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Image

ဟန်ဂေရီနိုင်ငံသားလေး ဆာဘော့ဇ်လိုင်းဟာ အသက်၁၉နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက် လူငယ်ကွင်းလယ်ကစားသမားလေးတစ်ယောက်ဖြစ်ကာ လက်ရှိ ဒေါ့မွန်အသင်းမှာ ပါဝင်ကစားလို့နေတဲ့ လူငယ်တိုက်စစ်ကစားသမား အာလင်းဟာလန်းနဲ့လည်း ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံက ကလပ်အသင်းတွေရဲ့လူငယ်အကယ်ဒမီတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဆာဘော့ဇ်လိုင်းဟာ ၂၀၁၇ခုနှစ်မှာပဲ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ကွင်းလယ်မှာ နေရာတဖြည်းဖြည်း ရယူလာနိုင်တဲ့အထိ ခြေစွမ်းပြထားသူဖြစ်ပါတယ်။

Photo Credit : Getty Image

လက်ရှိမှာတော့ ဒီဟန်ဂေရီကစားသမားလေးကို အီတလီစီးရီးအေအသင်းများဖြစ်ကြတဲ့ ဂျုဗင်တပ်စ် အင်တာမီလန်နဲ့ အေစီမီလန်အသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်တစားရှိနေကြပြီး ဂျုဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတွေက အရင်ဦးဆုံး ပစ်မှတ်ထားခဲ့တာဖြစ်ကာ အခုလတ်တလောမှသာ အင်တာကလည်း ထပ်တိုးစိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဆာဘော့ဇ်လိုင်းနဲ့ ဆာလ်ဇ်ဘာ့ဂ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရလည်း လာမယ့်၂၀၂၂ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် သူ့အတွက် ပြောင်းရွှေ့ကြေးကို တန်ကြေးအနည်းငယ်နဲ့ ကမ်းလှမ်းရုံမျှနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဆာဘော့ဇ်လိုင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၂၉)ပွဲအထိ သွင်းဂိုး(၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၇)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။