MySport Myanmar

ဆန်းချက်ဇ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့ အင်တာမီလန်

အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းဟာ ဒီနွေဈေးကွက်ထဲမှာပဲ အသင်းရဲ့ ချီလီ တိုက်စစ်ကစားသမားကြီး အလက်ဆစ်ဆန်းချက်ဇ်ကို အသင်းကနေ ရှင်းထုတ်သွားချင်နေပြီး လက်ရှိမှာလည်း စာချုပ်ဖျက်သိမ်းဖို့အထိ လုပ်ဆောင်နေရာ မူအားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Twitter

အသက်(၃၃)နှစ်အရွယ်ရှိ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆန်းချက်ဇ်ဟာ ၂၀၁၉ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ တစ်ရာသီ ဖြတ်သန်းပြီးနောက်မှာ မန်ယူနိုက်တက်နဲ့ပါ စာချုပ်ဖျက်သိမ်းကာ အင်တာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အပြီးသတ် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ အင်တာအတွက် (၂)ရာသီခွဲအတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၉)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး စုစုပေါင်း ဂိုး(၂၀) သွင်းယူပေးထားနိုင်တဲ့ ဆန်းချက်ဇ်ဟာ သူရဲ့ စာချုပ်မပြည့်ခင်မှာပဲ အင်တာကနေ ပြန်လည် ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Look Charms

ကစားသမားဟောင်း လူကာကူကို ချယ်လ်ဆီးအသင်းကနေ အငှားခေါ်ယူခွင့် ယူရို(၈)သန်းနဲ့ ပြန်လည် ခေါ်ယူထားခဲ့သလို အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား လော်တာရိုမာတီနက်ဇ်ကိုပါ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားဖို့ပါ ရှိနေတဲ့ အင်တာမီလန်အသင်းဟာ အသင်းရဲ့ လုပ်ခလစာ မြင့်မားတဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီးတွေဖြစ်တဲ့ ဆန်းချက်ဇ်နဲ့ အီဒင်ဂျက်ကိုတို့လို ကစားသမားတွေကို ဒီနွေမှာ ရှင်းထုတ်သွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အင်တာဟာ ချီလီ ကစားသမားကြီး ဆန်းချက်ဇ်နဲ့ စာချုပ်ဖျက်သိမ်းဖို့က မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်လို့ ဆန်းချက်ဇ်က မကြာခင်မှာပဲ free agent ကစားသမားတစ်ဦး ဖြစ်လာရပါတော့မယ်။ ဘာစီလိုနာ အာဆင်နယ် မန်ယူနိုက်တက်နဲ့ အင်တာတို့လို ဥရောပထိပ်သီး ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဆန်းချက်ဇ်လို ကစားသမားမျိုးကို ကလပ်အသင်းများစွာက ခေါ်ယူချင်နေကြပေမယ့်လည်း သူရဲ့လစာမြင့်မားမှုကြောင့် ခေါ်ယူဖို့ လက်တွန့်နေကြပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်လီဂူး ထိပ်သီးကလပ် မာဆေးလ်အသင်းကတော့ ဆန်းချက်ဇ်ကို အလိုရှိနေပြီး ဆန်းချက်ဇ်ကိုယ်တိုင်ကလည်း အင်တာလို အသင်းကြီးမျိုးနဲ့ လမ်းခွဲရချိန်မှာ မာဆေးလ်လို ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိထားတဲ့ အသင်းမျိုးကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

Exit mobile version