အင်တာမီလန်အသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ် ကစားသမားဖြစ်တဲ့ တိုရီနို ခံစစ်မှူး ဂလယ်ဆွန်ဘရီမာကို သူတို့အသင်းထက် ဂျုဗင်တပ်စ်အသင်းက ပြောင်းရွှေ့ကြေးများစွာနဲ့ ကမ်းလှမ်းခဲ့ပြီး လက်ဦးမှု ရယူသွားခဲ့တာကြောင့် လက်ရှိမှာ အင်တာဘက်က နောက်ထပ် စီးရီးအေ ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ နီကိုလာမီလင်ကိုဗစ်ကို ခေါ်ယူဖို့အတွက် ဖီအိုရင်တီးနားအသင်းနဲ့ပါ ဆွေးနွေးနေပြီလို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

ဒီနွေဈေးကွက်ထဲမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ အင်တာမီလန်အသင်းဟာ အသင်းခံစစ်ပိုင်းကိုပါ အားဖြည့်ဖို့အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီ စီးရီးအေပြိုင်ပွဲရဲ့ ခံစစ်အကောင်းဆုံး ကစားသမားဖြစ်သူ ဘရီမာကို ခေါ်ယူချင်နေခဲ့တာ ဖြစ်ပါတယ်။ ဘရီမာကို ခေါ်ယူဖို့အတွက် အင်တာနဲ့ တိုရီနိုအသင်းတို့ကြား ဆွေးနွေးမှုတွေ ကောင်းမွန်လျက် ရှိလာခဲ့ပြီး အပြောင်းအရွှေ့ အပြီးသတ်နိုင်တော့မယ့် အချိန်မှာပဲ ဒီလစ်ကို လက်လွတ်လိုက်ရတဲ့ ဂျုဗင်တပ်စ်က ဒီလစ်နေရာ ဘရီမာနဲ့ ပြန်လည် အစားထိုးဖို့ အသည်းအသန် ကြိုးပမ်းခဲ့ရာ အခုဆိုရင် ဘရီမာက တိုရီနိုရဲ့ တူရင်မြို့ခံကလပ် ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

Manchester United scouting Fiorentina centre-half Nikola Milenkovic

Photo Credit : United in Focus

အခုလို ဘရီမာကို လက်လွတ်လိုက်ရတဲ့ အင်တာမီလန်အသင်းဟာ ပီအက်စ်ဂျီအသင်းက ခေါ်ယူချင်နေတဲ့ သူတို့ရဲ့ ဆလိုဗက်ကီးယား နောက်ခံလူ မီလန်ရှကရီညာကို အသင်းကနေ ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိတော့တဲ့အပြင် ခံစစ်ပိုင်းအတွက်ကိုလည်း ဖီအိုရင်တီးနားအသင်းရဲ့ ဆာဘီးယား ခံစစ်မှူး နီကိုလာမီလင်ကိုဗစ်နဲ့ပါ အစားထိုးသွားချင်နေပါတယ်။ စီးရီးအေရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ မီလင်ကိုဗစ်ဟာ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ သူရဲ့လက်ရှိကလပ် ဖီအိုရင်တီးနားအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ကိစ္စကလည်း ဖြစ်လာနိုင်ဖွယ် မရှိတာကြောင့် ဖီအိုရင်တီးနားအသင်းအနေနဲ့ ဒီနွေမှာပဲ မီလင်ကိုဗစ်ကို အသင်းကနေ မဖြစ်မနေ ရောင်းချရဖွယ် ရှိနေပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ မီလင်ကိုဗစ်ကို အင်တာမီလန်အသင်းက ခေါ်ယူသွားဖို့အတွက် ဖီအိုရင်တီးနားအသင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး မီလင်ကိုဗစ်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ပါဝင်ကစားခွင့်ရနိုင်မယ့် အခွင့်အရေးကြောင့် အင်တာကို သေချာပေါက် ပြောင်းရွှေ့ကစားချင်နေပါလိမ့်မယ်။ အသက်(၂၄)နှစ်အရွယ် ဆာဘီးယား လက်ရွေးစင် ဗဟိုခံစစ်မှူး မီလင်ကိုဗစ်ဟာ ၂၀၁၇ခုနှစ်ကတည်းက စီးရီးအေကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ဖီအိုရင်တီးနားအသင်းနဲ့ စီးရီးအေ (၅)ရာသီအထိ ဖြတ်သန်းထားခဲ့ပြီး ပွဲပေါင်း(၁၅၅)ပွဲအထိကို ပါဝင်ထားနိုင်ခဲ့ပါတယ်။