အင်တာမီလန်အသင်းဟာ ချယ်လ်ဆီးအသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူကို လာမယ့်နွေမှာ လက်လွတ်သွားရတော့မှာဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့အတွက် လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုကို ပစ်မှတ်ထားနေတယ်လို့ အီတလီ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit :’ We Ain’t Got Not History

အင်တာက သူတို့ရဲ့ အဓိက ကစားသမားဖြစ်သူ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူကို ၂၀၂၁ခုနှစ်မှာပဲ ချယ်လ်ဆီးအသင်းဆီ ယူရို(၁၁၃)သန်းနဲ့ ရောင်းချခဲ့ပြီး တစ်ရာသီအကြာမှာ အသင်းဆီ တစ်ရာသီအငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ခြေစွမ်းပြဖို့ ရုန်းကန်ရရင်း အသင်းဟောင်း အင်တာဆီ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ လူကာကူဟာ ဒဏ်ရာပြသာနာများစွာရဲ့ ထိုးနှက်ချက်တွေကြောင့် ဒီရာသီမှာ အင်တာအတွက် ပြိုင်ပွဲစုံ (၈)ပွဲသာ ကစားထားနိုင်ခဲ့သလို (၂)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ လူကာကူကို အင်တာဘက်က ထပ်မံပြီး အငှားနဲ့ ခေါ်ယူဖို့ ဆန္ဒမရှိတော့ပဲ သူရဲ့ချယ်လ်ဆီးအသင်းဆီ ပြန်လည် စေလွတ်ဖို့သာ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

လူကာကူကို အသင်းကနေ စေလွတ်လိုက်မယ်ဆိုရင် အင်တာရဲ့ တိုက်စစ်ပိုင်းမှာ လော်တာရိုမာတီနက်ဇ် ကော်ရီယာနဲ့ ဂျက်ကိုတို့သာ ကျန်ရှိနေတော့မှာဖြစ်ပြီး အဲ့ဒီထဲကမှ အသက်(၃၆)နှစ်တောင် ရှိနေပြီဖြစ်တဲ့ ဂျက်ကိုဟာ ဒီနွေမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာလည်း ဖြစ်တဲ့အတွက် နွေဈေးကွက် ဖွင့်လှစ်ချိန်မှာ အနည်းဆုံး တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူသွားဖို့ ရှိလာခဲ့ရပါတယ်။ လက်ရှိမှာ အင်တာမီလန်အသင်းဟာ တိုက်စစ်ပိုင်းအတွက် လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဖာမီနိုကို စိတ်ဝင်စားလျက် ရှိနေပြီး အသက်(၃၁)နှစ်အရွယ် ကစားသမားဟာလည်း အခုနှစ်နွေမှာပဲ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်ကတည်းက လီဗာပူးလ်ကို ရောက်ရှိနေတဲ့ ဖာမီနိုဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းတိုးသွားဖို့ ဆန္ဒရှိနေပေမယ် ဒီရာသီမှာ အသင်းက ဒါဝင်နူးနက်ဇ် ကိုဒီဂက်ပိုတို့လို တိုက်စစ်ကစားသမားတွေ ခေါ်ယူထားတာကြောင့် ဖာမီနိုရဲ့ အခန်းကဏ္ဍက တစ်ဖြည်းဖြည်း မှေးမှိန်လာခဲ့ပါတယ်။ ဒါ့အပြင် အသင်းမှာ ဂျိုတာ ဒီးယက်ဇ်တို့ပါ ဒဏ်ရာကနေ သက်သာလာရင် ဖာမီနို နေရာပျောက်ဖို့က သေချာသလောက် ရှိလာနိုင်လို့ ဒီအခြေအနေတွေ ကြုံတွေ့နေရတဲ့ ဖာမီနိုကို အင်တာက အဓိကပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့ရတာ ဖြစ်ပါတယ်။