အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အိုနာနာ အတွက် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ အီတလီ နာမည်ကြီးသတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ကင်မရွန်း ဂိုးသမား အိုနာနာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ အေဂျက်ကနေ အင်တာမီလန်ထံ အလွတ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် သူက အချိန်တိုအတွင်းမှာ အင်တာမီလန်ရဲ့ နံပါတ်(၁) ဂိုးသမားနေရာကို ရယူနိုင်ခဲ့သလို အင်တာမီလန်ကိုလည်း ကိုပါအီတာလီယာဖလား ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

အိုနာနာက ဂိုးပေါက် ကာကွယ်ရာမှာ တော်သလို ဘောလုံးကိုင် ကစားရာမှာ ထူးချွန်တဲ့ ထိပ်တန်း ဂိုးသမား တဦး ဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြအဖြစ် လုပ်ကိုင်နေတဲ့ ဆရာဟောင်း တန်ဟက်ဂ်က သူ့ကို ယူနိုက်တက်ဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

တန်ဟက်ဂ်က အိုနာနာကို ဘာစီလိုနာ လူငယ်အသင်း ကနေ အေဂျက်ဆီ ခေါ်ကာ စင်တင်ပေးခဲ့သူ ဖြစ်ပြီး တန်ဟက်ဂ်ရဲ့ ဆက်သွယ်မှု ရောက်လာချိန်မှာ အိုနာနာကလည်း အင်တာမီလန်ကို စွန့်ခွာကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်က အိုနာနာ အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ရောက်လာမှာကို စောင့်မျှော်နေပြီး မန်ချက်စတာ ယူနိုက်တက်က လာမယ့် နာရီပိုင်း အတွင်းမှာပဲ အိုနာနာ အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့ဖို့ ရှိနေကြောင်း သိရပါတယ်။

အင်တာမီလန်က အိုနာနာအတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် တောင်းဆိုထားပေမယ့် မန်ချက်စတာ ယူနိုက်တက်ကတော့ အိုနာနာအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်သာ ပေးချေချင်နေတာကြောင့် နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေး အတွက် ညှိနှိုင်းမှုတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။