စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ သူတို့ရဲ့ ကစားသမားဖြစ်သူ ကွင်းလယ်လူ ခရစ္စတီယန်အဲရစ်ဆင်ကို စီးရီးအေပွဲစဉ်တွေအတွင်း ဆက်လက်အသုံးပြုသွားဖို့ မဖြစ်နိုင်တော့တာကြောင့် အဲရစ်ဆင်ကို သူရဲ့ ကလပ်အသင်းဟောင်းတစ်ခုဖြစ်တဲ့ အေဂျက်စ်အသင်းဆီကို ပြန်လည်ပို့ဆောင်ပြီး အေဂျက်စ်ရဲ့ ဂိုးသမား အန်ဒရေအိုနာနာနဲ့ ကစားသမားချင်း အလဲအလှယ်ပုံစံမျိုး လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ရုတ်တရက် နှလုံးအမောဖောက်ပြီး ကွင်းထဲလဲချခဲ့တာကြောင့် ဆေးကုသမှုကို အချိန်အတိုင်းအတာတစ်ခုထိ ခံယူလိုက်ရတဲ့အပြင် နှလုံးခုန် ပုံမှန်ပြန်ဖြစ်လာဖို့အတွက်လည်း နှလုံးစက်ကို တပ်ဆင်ထားရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ရှိနေရတဲ့ အဲရစ်ဆင်ဟာ ဘောလုံးပြန်ကစားဖို့ ဆန္ဒရှိနေပေမယ့် အီတလီဘောလုံးအဖွွဲ့အစည်း တာဝန်ရှိသူများကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအရ အီတလီဘောလုံးနယ်ပယ်အတွင်း နှလုံးစက်နဲ့ ဘောလုံးဆက်ကစားလို့ မဖြစ်နိုင်တော့တာကြောင့် အင်တာမီလန်အသင်းဘက်ကနေ အဲရစ်ဆင်ကို သူရဲ့အသင်းဟောင်း အေဂျက်စ်စီ ပြန်လည်ပို့ဆောင်ပြီး အေဂျက်စ်ဂိုးသမား အိုနာနာကို ပြန်လည်ခေါ်ယူဖို့ စီစဉ်လာတာဖြစ်တယ်လို့ Tuttosport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Italia

အသက်(၂၅)နှစ်အရွှယ် ကင်မရွန်းဂိုးသမားဖြစ်သူ အိုနာနာဟာ အေဂျက်စ်အသင်းရဲ့ အဓိက ဂိုးသမားတစ်ဦးဖြစ်ပေမယ့် တားမြစ်ဆေး သုံးစွဲထားမှုကြောင့် (၁၂)လအထိကို ဘောလုံးကစားခွင့်ကနေ ပိတ်ပင်ခံထားရတာဖြစ်ပြီး လက်ရှိမှာတော့ (၉)လအထိသာ ပြစ်ဒဏ်လျော့ချခံထားရတာ ဖြစ်ပါတယ်။ အခုဆိုရင် အိုနာနာဟာ ဘောလုံးပြန်လည်ကစားရတော့မှာဖြစ်လို့ သူ့ကို အင်တာမီလန်အသင်းကနေ အလိုရှိလာခဲ့တာဖြစ်လို့ လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ အိုနာနာကို ခေါ်ယူဖို့အတွက် အဲရစ်ဆင်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ဆင်အနေနဲ့ကလည်း ဘောလုံးပြန်ကစားဖို့ ဆန္ဒရှိနေပြီး အေဂျက်စ်အသင်း ဝင်ရောက်ဆင်နွဲနေတဲ့ နယ်သာလန်လိဂ်မှာက နှလုံးစက်တပ်ထားတဲ့ ကစားသမားကို ဘောလုံးကစားခွင့် မပိတ်ပင်ထားတာကြောင့် အဲရစ်ဆင်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး အေဂျက်စ်အသင်းသားတစ်ဦးဖြစ်တဲ့ နယ်သာလန် နောက်ခံကစားသမား ဒါလေဘလင်းကလည်း အဲရစ်ဆင်လို အခြေအနေမျိုး ရှိထားတဲ့သူဖြစ်လို့ ဒီအပြောင်းအရွှေ့က လာမယ့်စျေးကွက်အတွင်းမှာ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပါတယ်။