အင်တာမီလန်အသင်းဟာ ဒေါ့မွန်အသင်းမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ရီးရဲလ်အသင်းရဲ့ နောက်ခံ ကစားသမား ဟာကီမီကို ပေါင် (၃၆) သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပြီး လာမယ့် (၂၀၂၅) ခုနှစ်အထိ၊ (၅) နှစ်စာချုပ် ချုပ်ဆိုသွားခဲ့တယ်လို့ ရီးရဲလ်အသင်းက တရားဝင် ဖော်ပြသွားခဲ့ပါတယ်။ ညာနောက်ခံနေရာ နဲ့ တောင်ပံနေရာမှာ ကစားနိုင်တဲ့ ဟာကီမီဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ စပိန်လာလီဂါ ရီးရဲလ်အသင်းကနေ ဘွန်ဒက်စ်လီဂါ ဒေါ့မွန်အသင်းကို အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ပြီး ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ဒေါ့မွန်အသင်းအတွက် (၂) ရာသီ ကစားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဟာကီမီဟာ ဒေါ့မွန်အသင်းမှာ အငှားနဲ့ (၂) ရာသီကြာ ကစားခဲ့စဉ်က ပထမရာသီမှာ ပြိုင်ပွဲစုံ ပွဲစဉ် (၂၈) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃) ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယရာသီမှာ ပြိုင်ပွဲစုံ ပွဲစဉ် (၄၅) ပွဲ ကစားထားရမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၉) ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ြဖ်စပါတယ်။ ဟာကီမီဟာ ဒေါ့မွန်အသင်းနဲ့ အငှား စာချုပ် ကုန်ဆုံးသွားပြီ ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းကို ပြန်လာလိမ့်မယ်လို့ မှန်းဆချက်တွေ ရှိခဲ့ပေမယ့်လည်း အီတလီနိုင်ငံ၊ စီးရီးအေ ပြိုင်ပွဲက နည်းပြ ကွန်တီရဲ့ အင်တာမီလန်အသင်းကို (၅) နှစ်ကြာ စာချုပ်နဲ့ အပြီးသတ် ပြောင်းရွေ့သွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ အသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ ဟာကီမီကို အင်တာမီလန် အသင်းထံ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အသင်းရဲ့ အိမ်မွေးခြံပေါက် အကယ်ဒမီ ကစားသမား ဟာကီမီအနေနဲ့ နေရာသစ်မှာ ကံကောင်းပါစေလို့ ဆန္ဒပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ အသင်းရဲ့ ဝက်ဆိုဒ်မှာ ရီးရဲလ်အသင်းက “ရီးရဲလ် နဲ့ အင်တာမီလန်တို့ဟာ ဟာကီမီရဲ့ အပြောင်းအရွေ့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။ အသင်းအနေနဲ့ ဟာကီမီကို သူ့ရဲ့ ပေးဆပ်မှု၊ ပရော်ဖယ်ရှင်နယ်ဆန်မှု၊ အကယ်ဒမီအသင်းမှာ ကစားစဉ်ကတည်းက အတုယူစရာ အပြုအမှုအတွက် ကျေးဇူးတင်ပါတယ်။ နေရာသစ်မှာ ကံကောင်းဖို့ ဆန္ဒပြုပါတယ်”လို့ ရေးသားခဲ့ပါတယ်။

https://www.youtube.com/watch?v=ZzmecgNVXRw&feature=youtu.be